လောင်းလုံး၊ နိုဝင်ဘာ ၁၃

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာအနီး တိုက်ပွဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညှင်းမော်ရွာအနီးမှာ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အချိန် ၆ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး တစ်လုံးဟာ စပ်ပြဲကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၃၀ အရွယ် ရွာခံ အမျိုးသမီး နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံး ပျက်စီးခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ညင်းမော်ကျေးရွာက ဒေသခံ ၁၅၀၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသလို မတိမ်းရှောင်ခင်တဲ့ လမ်းသွားလမ်းလာနဲ့ ဒေသခံပြည်သူတချို့ကို စစ်ကော်မရှင်တပ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ကော်မရှင်တပ် စစ်ကြောင်း ဆက်တိုးနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ လောင်းလုံးမြို့နယ်မှာ နယ်မြေရှင်းလင်းခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးနေပြီး ဒေသခံတွေကိုလည်း လူဦးရေစာရင်း ကောက်ယူပြီး မဲပေးကြဖို့ ဖိအားပေးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေသကာကွယ်ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.