ကမ္ဘောဒီးယားနဲ့ ရန်လိုမှုတွေ ရှိနေဆဲပဲလို့ ထိုင်း ပြော

ဘန်ကောက်၊ နိုဝင်ဘာ ၁၁

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတွေ ထိခိုက်ခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီမှုကို ထိုင်းဘက်က ဆိုင်းငံ့ထားခဲ့ပြီးနောက် ရန်လိုမှု အခြေအနေတွေ ရှိနေဆဲပဲလို့ ထိုင်းစစ်တပ်က နိုဝင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ဇူလိုင်လက လူ ၄၀ ကျော် သေဆုံးခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေအပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးဖို့ မျှော်လင့်ထားတဲ့ အဲဒီ သဘောတူညီမှုအတွက် ကတိတည်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားက မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ ပျက်ကွက်နေကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။

အဲဒီသဘောတူညီမှုကို ထိုင်းက ငြိမ်းချမ်းရေး သဘောတူညီမှုလို့ ခေါ်ဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးအန္တရာယ် အမှန်တကယ် လျော့ပါးမသွားဘူးလို့ ထိုင်းအရာရှိတွေက ပြောထားပါတယ်။

ကမ္ဘောဒီးယား နယ်စပ်အနီး ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေ မိုင်းနင်းမိပြီး စစ်သား တစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာဟာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ အငြင်းပွားမှုကြောင့် နှစ်များစွာကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ဆုံး တိုက်တိုက်မှုတွေအတွင်း လူ ၃ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ ချထားတဲ့ လက်နက်ကြီးတွေကို ပြန်ရုတ်သိမ်းဖို့ နှစ်နိုင်ငံစလုံးက သဘောတူပြီး စောင့်ကြည့်ဖို့အတွက် ယာယီအဖွဲ့ ဖွဲ့စည်းဖို့လည်း သဘောတူညီခဲ့ကြ ပါတယ်။

နောက်တစ်ဆင့်မှာတော့ ထိုင်းက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုကို ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ ထုတ်ပယ်ခံခဲ့ရပြီး ထိုင်းနိုင်ငံမှာ ရှိတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမား အများအပြားလည်း မိခင်နိုင်ငံသို့ ပြန်သွားခဲ့ကြပါတယ်။

ဒီပြဿနာက ရေရှည် ဆက်ရှိနေဦးမှာဖြစ်ကြောင်း စောင့်ကြည့်သူတွေက ပြောကြားထားကြပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.