ဘားအံ ၊ နိုဝင်ဘာ ၈
ကရင်ပြည်နယ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်သူတွေကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် ကရင်ပြည် နယ်နေ့ အခမ်းအနားပေးပို့တဲ့ သဝဏ်လွှာမှာ အသိပေးပြောဆိုပါတယ်။
သဝဏ်လွှာမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေရေး NCA စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်မှတ်ရေးထိုးပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
ဒါပေမယ့် မဲမသမာမှုတွေကြောင့် စစ်တပ်က နိုင်ငံတော်ကို တာဝန်ယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ အမှန်တရားကို မျက်ကွယ်ပြုလို့ အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ် ဆောင်လာခဲ့တာ ကရင်ပြည်နယ်လည်း အပါအဝင်လို့ ဆိုပါတယ်။
အရင်က တိုင်းရင်းသားပြည်သူတွေ အေးချမ်းလွတ်လပ်စွာ သွားလာနေထိုင်ခဲ့တဲ့ ကရင်ပြည်နယ် ဒေသတချို့မှာ အခုအခါ တည်ငြိမ်မှုကင်းမဲ့ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခခံစားနေရတာဟာ ဝမ်းနည်းကြေကွဲဖွယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါကြောင့် အမှန်ကို အမှန်အတိုင်းရှုမြင်ပြီး ပြည်နယ်အေးချမ်းသာယာရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြဖို့ အချိန်အခါဖြစ်ကြောင်း သူက သက်ဆိုင်သူတွေကို အသိပေးပြော ဆိုခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ကရင်ပြည်နယ်အပါအဝင် စစ်ခေါင်းဆောင်ပြောတဲ့ အရာမှန်သမျှ အလိမ်အညာသက်သက်ပဲလို့ တုံ့ပြန်ပါတယ်။
“ဒီအတုအယောင် ကရင်ပြည်နယ်ဆိုတာကြီးကိုလည်း ကျွန်တော်တို့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး။အဲဒါကြောင့်မို့ သူပြောတဲ့ဟာ အကုန်လုံးက ဘာမှ တရားဝင်မှု မရှိဘဲနဲ့ သူပြောတဲ့ဟာ အ ကုန်လုံးက အလိမ်အညာသက်သက်ပဲဆိုတာ ကျွန်တော် ဒါပဲ ပြောချင်တယ်ဗျ”လို့ ဆိုပါတယ်။
ကရင်ပြည်နယ်ကို ၁၉၅၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအမှတ် ၆၂ အရ သံလွင်ခရိုင် ဖာပွန်ဒေသကို သတ်မှတ်ပေးခဲ့ပြီး အဲဒီကနေ ဆက်စပ်ဒေသဖြစ်တဲ့ မြို့နယ် ၆ ခုကို ပြည်နယ်ထဲ ထည့်သွင်းတိုးချဲ့ခဲ့တာပါ။
အဲဒီနောက်ပိုင်း ၁၉၆၀ ပြည့်နှစ် မတ် ၁ ရက်နေ့မှာတော့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ်ကို မြို့နယ် ၇ ခုနဲ့ အဆင့်ဆင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့တာလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဟာ စာချုပ်ပါ အခြေခံမူတွေကို စစ်တပ်က ချိုးဖောက်တာလို့ ထုတ်ပြောထားတာပါ။
ဒါကြောင့် NCA စာချုပ် ပျက်ပြယ်ပြီ ဖြစ်သလို NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ် ရောက်ရှိသွားစေခဲ့တယ်လို့ KNU အပါအဝင် လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။
စစ်ခေါင်းဆောင်ကတော့ နိုင်ငံတော်အနေနဲ့ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရေး ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲတွေကြားကနေ ပိုမိုကြိုးစားသွားမယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအောင်မြင်ရေးမှာ ဒေသလုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်သလို မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားတာပါ။
ပြည်သူတွေကတော့ အာဏာသိမ်းမှုအတွင်း စစ်အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်ကနေ ကျင်းပမယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိသလို ဆန္ဒမဲပေးဖို့လည်း စိတ်မဝင်စားကြဘူးလို့ ပြောဆိုနေကြတာပါ။
လက်ရှိမှာလည်း ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်က စစ် ကြောင်းထိုးနေတာကြောင့် နိုဝင်ဘာ ပထမပတ်အတွင်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

