ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၇
အာဆီယံ လေးနိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ လာမယ့်နှစ်တွေမှာ အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ ခင်မင်ရင်းနှီးမှုကို မျှော်လင့်လို့ရတယ်လို့ ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေကို သတင်းစကားပေးလိုတာက အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ ၁၀၀ ရာခိုင်နှုန်း ရှိနေမှာ ဖြစ်ပြီး လာမယ့် မျိုးဆက်များစွာအတွက် မိမိတို့အနေနဲ့ အားကောင်းတဲ့ လက်တွဲဖော်၊ မိတ်ဆွေအဖြစ် ရှိနေဖို့ ရည်ရွယ်ထားတယ်လို့ ထရန့်က အာဆီယံ ခေါင်းဆောင်တွေကို အောက်တိုဘာ ၂၆ ရက်က ပြောဆိုခဲ့ပါတယ်။

ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ ဆွေးနွေးပွဲ စတင်ချိန်မှာ ထရန့်က အခုအချိန်ဟာ အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကာလ ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းပြီး ရှင်သန်စေဖို့ အမေရိကန်က ကတိပြုထားတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်က မိမိတို့ဟာ မတူညီတဲ့ အနေအထားမှာ ရှိနေခဲ့ပေမယ့် မိမိတို့ဟာ အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီး ဒါဟာ အမေရိကန်ရဲ့ ရွှေရောင်ခေတ် ဖြစ်တယ်လို့ ပြောလိုကြောင်း ထရန့်က ဆိုတာပါ။

အတူတကွဆိုရင် မိမိတို့အနေနဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ဖက်စလုံးမှာ ရှိတဲ့ နိုင်ငံတွေ မယုံနိုင်လောက်အောင် သာယာဝပြောရေး ဖန်တီးနိုင်ပြီး မိမိတို့ ပြည်သူအားလုံးအတွက် အခွင့်အလမ်း အသစ်တွေကို အမိအရ ဖမ်းဆုပ်သွားမယ်လို့ ထရန့်က ပြောပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က အဖွဲ့ဝင် ၁၁ နိုင်ငံ ဖြစ်လာတဲ့ အာဆီယံနဲ့ အမေရိကန်ကြား ဆက်ဆံရေးဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဘုံရည်မှန်းချက်အပေါ်မှာ အခြေခံထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆယ်စုနှစ် တစ်ခုအတွင်း မလေးရှားသို့ ပထမဆုံး လာရောက်တဲ့ အမေရိကန်သမ္မတ အဖြစ် ကွာလာလမ်ပူမြို့သို့ ထရန့် ရောက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဘာရက် အိုးဘားမားဟာ မလေးရှားသို့ လာရောက်တဲ့ နောက်ဆုံး သမ္မတ ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းမှာ ထရန့်က ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီ သဘောတူညီမှုတွေအရ အမေရိကန်က မလေးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီးယား ပို့ကုန်တွေအပေါ် အခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဗီယက်နမ် ပို့ကုန်တွေကိုလည်း အမေရိကန်က အခွန် ၂၀ ရာခိုင်နှုန်း ဆက်လက် ကောက်ခံမှာ ဖြစ်ကြောင်း သိရပါတယ်။
တရုတ်နဲ့ ယှဉ်ပြိုင်မှု ပိုများလာတဲ့ အရေးကြီးသတ္တုများ ထောက်ပံ့ရေး ကဏ္ဍမှာ ထိုင်း၊ မလေးရှားတို့နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေကိုလည်း ထရန့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကမ္ဘာမှာ မြေရှားသတ္တု တူးဖော်မှုနဲ့ သန့်စင်ထုတ်လုပ်မှု အများဆုံး ဖြစ်တဲ့ တရုတ်က မြေရှားသတ္တု တင်ပို့မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်လာတာကြောင့် ကမ္ဘာတဝန်း ထုတ်လုပ်သူတွေဟာ မြေရှားသတ္တု ထောက်ပံ့ရေး တခြားလမ်းကြောင်းကို ခက်ခက်ခဲခဲ ရှာဖွေနေကြရပါတယ်။
ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်တို့က အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်မှု တိုးမြှင့်ရေးလည်း ကတိပြုခဲ့ကြပါတယ်။
အာဆီယံ အစည်းအဝေး ကျင်းပနေချိန် အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး အာဆီယံ အစည်းအဝေး လာတက်တဲ့ ထရန့်ကို ဆန္ဒပြကြတာ ဖြစ်ပါတယ်။
အစည်းအဝေး ကျင်းပရာနေရာမှာ ရဲအင်အား အလုံးအရင်း ချထားပြီး အဆောက်အဦဝင်းကိုလည်း ရဲတွေက ကားတွေနဲ့ ပတ်ဝိုင်းထားကြပါတယ်။
ဆန္ဒပြသူ တချို့က ထရန့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု ပုံစံတူ အရုပ်တွေကို ဖိနပ်တွေနဲ့ ပစ်ပေါက်ခဲ့ကြပေမယ့် အများစုက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
Ref:CNA

