ဘရပ်ဆဲလ်၊ အောက်တိုဘာ ၂၅
အနာဂတ် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားဆီ ယူကရိန်းနယ်မြေတွေကို လက်လွှတ်ပေးသွားမှာ မဟုတ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဘရပ်ဆဲလ်မှာ ကျင်းပမယ့် အီးယူ ညီလာခံ မတိုင်ခင် Euronews သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ မော်စကိုက ငြင်းဆိုနေတဲ့အတွက် အမေရိကန်နဲ့ ဥရောပက ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပြီးနောက် ဇီလန်စကီးက အခုလိုမျိုး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကရင်မလင် နန်းတော်က သူတို့ရဲ့ တောင်းဆိုမှုတွေ အရင်အတိုင်း မပြောင်းလဲဘဲ ခရိုင်းမီးယားဒေသနဲ့ ရုရှား အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ ယူကရိန်း ဒေသ လေးခုကို လက်လွှတ်ပေးရမယ်လို့ ပြောထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသရဲ့ အစိတ်အပိုင်းတွေကို ပေးရမှာ ဖြစ်ပြီး ယူကရိန်း သိမ်းထားတဲ့ ရုရှား နယ်မြေ နည်းနည်းလေးနဲ့ အလဲအလှယ် လုပ်မယ်လို့ ပြောထားကြောင်း အမေရိကန် သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီဒေသတွေကို ရုရှားက ၂၀၁၄ က ကျူးကျော် တိုက်ခိုက်မှု စတင်ချိန် ကတည်းက အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် အခုအချိန်အထိ ရာနှုန်းပြည့် မထိန်းချုပ်နိုင်သေးပါဘူး။

ကရင်မလင် နန်းတော်က ခရိုင်းမီးယားဒေသအပြင် ဒွန်နက်စ်၊ လူးဟန့်ဇ်၊ ဇာပိုရီဇီဟီရာနဲ့ ခါဆွန်ဒေသတို့ကို ထိန်းချုပ်လိုတယ်လို့ ပြောထားပါတယ်။
ယူကရိန်း စစ်ပွဲအတွင်း ရုရှားဟာ နယ်နိမိတ်ဆိုင်ရာ တောင်းဆိုမှုတွေကို ပြန်လျှော့ချသွားတာမျိုး မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် ကိုယ်တိုင်က ပြောထားပါတယ်။
ယူကရိန်းနဲ့ ရုရှားအနေနဲ့ လက်ရှိ တိုက်ခိုက်နေကြတဲ့ နေရာတွေမှာ ရပ်ပြီး အပစ်အခတ် ရပ်စဲကြဖို့နဲ့ ညှိနှိုင်းမှုတွေ စတင်ဖို့ အမေရိကန်က အဆိုပြုခဲ့ပေမယ့် ရုရှားက ပယ်ချထားပါတယ်။
ဒီအချိန်မှာ ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍတွေကို တိုက်ခိုက်နေပြီး ယူကရိန်းကလည်း ရုရှားကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်။
ယူကရိန်း မဟာမိတ်တွေက ယူကရိန်းကို ဆက်လက် ကူညီပေးဖို့နဲ့ စစ်ပွဲ အတွက် ရုရှား ရန်ပုံငွေ ရရှိနေတဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့က ရရှိတဲ့ ဝင်ငွေ လမ်းကြောင်းကို တားဆီးဖို့ ကတိပြုထားကြပါတယ်။
Ref:Euronews

