လောင်းလုံးမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ဖမ်းဆီးရမိ

လောင်းလုံး၊ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကျောက်နီမော်ကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က အောက်တိုဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကျောက်နီမော်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုးသန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက် တိုဘာ ၂၁ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ သူနေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရမိထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုးသန်းကိုတော့ လက်ရှိမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုးသန်းဟာ ကျောက်နီမော်ကျေးရွာနဲ့အနီးနားရွာတွေက ပြည်သူပိုင် နေ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဒေသခံအမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျုးလွန်ခဲ့တယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဦးစိုးသန်းဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး လောင်းလုံးမြို့နယ်ကို စစ်တပ် နယ်မြေစိုးမိုးနိုင်ရေးမှာ ပါဝင်ကူညီပေးတာ၊ ဓားပြတိုက်တာ၊ ငါးဖမ်းလှေတွေထံက ခြိမ်းခြောက်ငွေကြေးကောက်ခံတာစတဲ့ ရာဇဝတ်မှု ပေါင်းစုံကျုးလွန်ခဲ့တာကြောင့် အခုလို ဖမ်းဆီးလိုက်တာလို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.