နေပြည်တော် ၊ အောက်တိုဘာ ၁၇
ရွေးကောက်ပွဲပြုလုပ်ဖို့ အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိနေတဲ့ မြို့နယ်တွေမှာ နောင်လာမယ့် အစိုးရအနေနဲ့ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဆက်လုပ်သွားဖို့ စဉ်းစားထားတယ်လို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။
စစ်ကော်မရှင်အနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ ၁၀၂ မြို့နယ်မှာကျင်းပဖို့ ကြေညာထားပြီး ကျန်မြို့နယ်တွေကိုတော့ နောက်နှစ်ဆန်းပိုင်းအတွင်း အပိုင်းလိုက် လုပ်သွားမယ့် သဘောမျိုးပါ။
အဲဒီရွေးကောက်ပွဲတွေကနေ အစိုးရတစ်ရပ်ဖွဲ့စည်းကာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေကို ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဆက်လက်လုပ်ဆောင်ဖို့ ပုံစံနှစ်မျိုးနဲ့ စီစဉ်ထားပုံရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
“စစ်ကောင်စီကတော့ သူ့ရွေးကောက်ပွဲကို Plan A , B နဲ့ ကျင်းပပြီးတော့ အရပ်သားအစိုးရ ပေါ်လာတယ်ဆိုတာမျိုး ဖြစ်အောင်လုပ်မယ်။ ပြီးရင်တိုင်းရင်းသားနယ်မြေတချို့မှာ သူတို့ အပေးအယူလုပ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ညှိနှိုင်းဆောင်ရွက်ဖို့ လုပ်လိမ့်မယ်။ တစ်ဘက်မှာ ဗမာအင်အားစုဖြစ်တဲ့ PDF တွေနဲ့ အညာဘက်ကအင်အားစုတွေကို တစ်ဘက်က စစ်ရေးနဲ့ အပြီးသတ် တိုက်ထုတ်ဖို့အ တွက် ကြိုးစားမယ့် အစီအစဉ်ရှိတယ်လို့ကျွန်တော်တို့ အနေနဲ့ ကြိုတင်ပြီး သုံးသပ်မိပါတယ်ဗျ”လို့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
စစ်ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲပထမအကြိမ်မှာ ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် ၁၀၀ နဲ့ ကျန်ရှိတဲ့မြို့နယ်တွေကို တတိယအကြိမ်အဖြစ် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်နဲ့တတိယအကြိမ် လုပ်မယ့် ရွေးကောက်ပွဲနေ့ရက် အချိန်ကာလကိုတော့ ပြောမသွားခဲ့ပါဘူး။
ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် အချို့နေရာတွေမှာ ရာနှုန်းပြည့် ရွေးကောက်ပွဲဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။အရင်က ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ ၃ ရပ်လုံးမှာလည်း ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့မှု မရှိခြင်းအပေါ် စစ်ခေါင်းဆောင်က နှိုင်းယှဉ်ပြီး ပြောသွားခဲ့ပါတယ်။
အာဏာသိမ်းမှုအတွင်း စစ်ကော်မရှင်က နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀ ကျော်ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲ ဆုံးရှုံးထားရတဲ့အတွက် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ဝန်ခံထားတာပါ။
တစ်ဘက်မှာ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်တိန့်ရှီကျွင်းကလည်း မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရေး လိုအပ်တယ်လို့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့နိုင်ငံရေးအစဉ်အလာကို လေးစားသလို ပြည်ပအင်အားစုတွေက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာတဲ့အခြေအနေကိုလည်း ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
မိမိတို့အနေနဲ့မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အကျိုးတော်ဆောင်အဖြစ်ကြားဝင်ပေးရတဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်က လုပ်ဆောင်နေတဲ့ ပြန်လည်သင့်မြတ်ရေးနဲ့နိုင်ငံရေးလုပ်ငန်းစဉ်အပေါ် တရုတ်နိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာ ထောက်ခံပြီး မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ရုပ်တ္တုပစ္စည်းတွေ နည်းပညာအကူအညီတွေပေးအပ်သွားဖို့ အသင့်ရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။
ကိုမင်းသွေးသစ်ကတော့ မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်ရင် အရပ်သားတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ ကိစ္စအပေါ်စစ်ကော်မရှင်ကို ထောက်ခံပေးနေတဲ့ နိုင်ငံတွေ အရင်ဆုံး ရပ်တန့်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။
“လတ်တလောမှာ မြန်မာပြည် ငြိမ်းချမ်းစေချင်တယ်ဆိုရင်လက်ရှိ အရပ်သားတွေရဲ့ နေရာတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ ကိစ္စကို အရင်ဆုံး ရပ်တန့်ဖို့လိုတယ်။ အဲဒါကသာလျှင် မြန်မာပြည်နိုင်ငံရေးရဲ့ အဖြေဖြစ်ပြီးတော့ စစ်ကောင်စီ ကျင်းပတဲ့ရွေးကောက်ပွဲက မြန်မာပြည်နိုင်ငံရေးရဲ့ အဖြေမဟုတ်သလို ဒီရွေးကောက်ပွဲပြီးရင်လည်း တိုင်းပြည်ကငြိမ်းချမ်းသာယာနေမှာ မဟုတ်ဘူးဆိုတာ နိုင်ငံရေးအရ ထောက်ခံပေးနေတဲ့ နိုင်ငံတွေ (တရုတ်)သိအောင်လို့ ကျွန်တော်တို့ ကြိုးစားသင့်တယ်လို့ ယူဆပါတယ်ဗျ”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ မိမိတို့နိုင်ငံအနေနဲ့ပြည်သူတွေက ရွေးချယ်ထားတဲ့ ဒီမိုကရေစီလမ်း ကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့လိုအပ်ပြီး တပ်မတော်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသူတွေ အင်အားစုတွေကတော့ စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်အုပ်စုအာဏာတည်မြဲရေးသာဖြစ်လို့ အတုအယောင်အဖြစ် သတ်မှတ်ထားကြတာပါ။
အဲဒီရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင်ရဲ့ အမိန့်ညွန်ကြားချက်နဲ့ အဆင့်ဆင့်သော စစ်ဗိုလ်အရာရှိ ၄၉၀ နီးပါးဟာ အငြိမ်းစားယူပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရှိနေပြန်ပါတယ်။
ဒါကြောင့် မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ဖို့ စနစ်တကျ ပြင်ဆင်ထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ စစ်ယူနီဖောင်းချွတ် အပြောင်းအလဲသာ မြင်တွေ့နိုင်စရာရှိတယ်လို့ BNI Myanmar Peace Monitor က သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

