နမ့်ဆန်၊ အောက်တိုဘာ ၁၄

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာကို ဒီကနေ့ အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က ထပ်မံဗုံးကြဲသွားတယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အုမ်းစွမ်ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာ ဖြစ်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက်ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

မနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက်မှာလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင်း ၂၅၀ ဗုံး ၆ လုံးလောရောက် ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း နမ့်ဆန်မြို့နယ်ရှိ အသက် ၁၉ နှစ်အရွယ် အောင်အစော ဗုံးထိမှန် ဒဏ်ရာ ရရှိခဲ့သလို စာသင်ကျောင်းဆောင်နှစ်ဆောင်နဲ့ ပြည်သူနေအိမ်ခြောက်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တအာင်းပြည်နယ်အတွင်းရှိ မြို့ရွာတွေကို လေကြောင်းကနေအပြင် ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ် ဇယ်ဟုန်ကျေးရွာ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ကလေးနှစ်ဦးအပါအဝင် ပြည်သူ ၉ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.