This handout photo taken and released on October 9, 2025 by the Myanmar Military Information Team shows Myanmar's military chief Min Aung Hlaing (R) shaking hands with Malaysia's Foreign Minister Mohamad Hasan (L) during a meeting in Naypyidaw. (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / MYANMAR MILITARY INFORMATION TEAM" - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

မော်လမြိုင် ၊ အောက်တိုဘာ ၁၄

နိုင်ငံတကာ လုပ်ဆောင်ချက်တွေကနေတဆင့် ညှိနှိုင်းဆောင်ရွက်တဲ့ ဘုံသဘောတူညီချက်ရဲ့ ဆက်လက် လိုက်နာမှု မရှိခြင်းနဲ့ ဖီဆန်ခြင်းအတွက် စစ်အုပ်စုကို တာဝန်ခံစေရေး အာဆီယံအနေနဲ့ လုပ်ဆောင်ရမယ်လို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုပါတယ်။

မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကနေ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ ဒီမိုကရေစီကို ထိန်းသိမ်းခြင်းနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ပယ်ချခြင်းဆိုင်ရာ သဘောထားကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

၂၀၂၅ ခုနှစ် အာဆီယံ ဥက္ကဌ တာဝန်ယူခဲ့တဲ့ မလေးရှားနိုင်ငံက မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးတွေကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ ရဲ့ အထူးသံတမန်က ဦးစီးကျင်းပခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီအစည်းအဝေးတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း EROs တွေ အတိုင်ပင်ခံကောင်စီတွေ ဖက်ဒရယ်ယူနစ်တွေနဲ့ အခြားကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြတာပါ။

အာဆီယံကို အစည်းအဝေးတက်ရောက်ခဲ့ကြတဲ့ အဲဒီ တော်လှန်ရေးအင်အားစု အဖွဲ့အစည်း ၂၀ က ဘုံသဘောတူညီချက် ၅ ရပ် အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဓိကအချက်ဖြစ်တဲ့ အာဏာသိမ်းစစ်အုပ်စုက စီစဉ်တဲ့ ရွေးကောက်ပွဲတွေဟာ ဘုံသဘောတူညီချက် ၅ ရပ် ဒါမှမဟုတ် နိုင်ငံတကာစံနှုန်းတွေအရ တရားဝင်မှု လုံးဝမရှိတာကြောင့် ဘယ်ရွေးကောက်ပွဲတွေမဆို ငြင်းပယ်ဖို့ နဲ့ အသိအမှတ်ပြုခြင်းကို ငြင်းဆိုဖို့ပါ။

လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်တာ၊ စောင့်ကြည့်တာနဲ့ သတင်းပို့တိုင်ကြားတဲ့ ယန္တရားတွေကို အားကောင်းစေတာ၊ ပြည်တွင်း၊ဒေသခံနဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးရေး ကွန်ရက်တွေကို ပံ့ပိုးပေးတာ အပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ လက်ငင်းအစီအမံတွေ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုတွေ မြောက်တဲ့ စနစ်တကျ လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အရပ်သားတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားတွေကို တိုက်ခိုက်မှုတွေ အပါအဝင် စစ်အုပ်စုရဲ့ လက်ရှိ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် နှုတ်ဆိတ်နေတာတွေကို အဆုံးသတ်ဖို့လည်း ပါဝင်ပါတယ်။

တစ်ဘက်မှာ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရပ်ရွာခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး တောင်းဆိုဖို့ ဖြစ်ပါတယ်။

လိုက်နာခြင်းနဲ့ တာဝန်ခံမှုကို အားဖြည့်ပေးတဲ့ သံတမန်အစီအမံတွေ ၊ အာဆီယံ အစည်းအဝေးတွေ တက်ရောက်ခွင့်ကို ဆိုင်းငံ့တာ ၊ ညှိနှိုင်းဆောင်ရွက်တဲ့ နိုင်ငံတကာလုပ်ဆောင်ချက်တွေက တဆင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ရဲ့ ဆက်လက်လိုက်နာမှု မရှိခြင်းနဲ့ ဖီဆန်ခြင်းအတွက် စစ်အုပ်စုကို တာဝန်ခံစေရေး လုပ်ဆောင်ဖို့ပါ။

အစည်းအဝေးရဲ့ အဓိက ရလဒ်တွေအဖြစ် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ငြင်းပယ်တာ ၊ တော်လှန်ရေးအင်အားစုတွေအကြား စည်းလုံးညီညွတ်ရေး၊ တိကျပြတ်သားတဲ့ အာဆီယံရဲ့ လုပ်ဆောင်ချက်ကို တောင်းဆိုတာ၊ လူသားချင်းစာနာထောက်ထားမှုရဲ့ မရှိမဖြစ် အရေးကြီးမှု ၊ အားလုံးပါဝင်မှုရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ဒေသတွင်း တည်ငြိမ်ရေးဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.