ရေဖြူ၊ အောက်တိုဘာ ၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ထဲကို လေးရက်အကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုထံက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာထဲရှိ ကျေးရွာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။

အဲဒီစစ်ကော်မရှင်စစ်ကြောင်းဟာ ရေနက်ဆိပ်ကမ်းဧရိယာထဲရှိ မူးဒူး၊ ပုဂေါဇွန်း၊ ဧကနိ နဲ့ ခမောက်ချောင်းစတဲ့ ကျေးရွာတွေကို တစ်ရွာဝင်တရွာထွက် လှည့်လည် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ဧကနိကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့ (ရေဖြူမြို့နယ်) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ကျန်နေခဲ့တဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ အလောင်းတွေနဲ့ အကြွင်းအကျန်တွေကို တော်လှန်ရေးရဲဘော်တွေက မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ဧကနိကျေးရွာအတွင်းရှိ နေအိမ် ၁၀ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်းရဲ့ နေအိမ်နဲ့ ပျူစောထီးဦးနိုင်ဦးရဲ့ နေအိမ်အပါအဝင် ကြံ့ခိုင်ရေးပါတီဝင်တွေရဲ့ နေအိမ် ၅ လုံး ပါဝင်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ရေဖြူမြို့နယ်အခြေစိုက် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.