ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀

နယူးယောက်သို့ လာရောက်မယ့် ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်ကို ပြည်ဝင်ခွင့် ဗီဇာပေးမှာ မဟုတ်ဘူးလို့ အမေရိကန်က ပြောကြားခဲ့ပေမယ့် နောက် လာမယ့် သီတင်းပတ် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်စဉ် ညီလာခံသို့ ဗီဒီယို ဆက်သွယ်မှုကတဆင့် မိန့်ခွန်းပြောကြားဖို့ သူ့ကို ကုလသမဂ္ဂ အထွေထွေညီလာခံက စက်တင်ဘာ ၁၉ ရက်မှာ မဲခွဲဆုံးဖြတ်ပြီး ခွင့်ပြုလိုက်ပါတယ်။

သမ္မတ အဘတ်စ်ကို အဲဒီ ညီလာခံမှာ အွန်လိုင်းကတဆင့် မိန့်ခွန်း ပြောခွင့်ပြုရေး ၁၄၅ နိုင်ငံက ထောက်ခံခဲ့ပြီး ၅ နိုင်ငံက ကန့်ကွက်ခဲ့ကြပါတယ်။

နိုင်ငံ ၆ နိုင်ငံက ကြားနေခဲ့ပေမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံက အဘတ်စ်နဲ့ တခြား ပါလက်စတိုင်း အဆင့်မြင့်အရာရှိတွေအနေနဲ့ အမေရိကန်သို့ ပြည်ဝင်ခွင့် မရခဲ့ရင် လာမယ့်နှစ် ကျင်းပမယ့် ကုလသမဂ္ဂ အစည်းအဝေးတွေနဲ့ ညီလာခံသို့ အွန်လိုင်းကတဆင့် တက်ရောက်ခွင့် ရှိတယ်လို့လည်း ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကို အမေရိကန် ကန့်ကွက်တာက အံ့သြစရာ မဟုတ်ဘူးလို့ အမေရိကန် သံအမတ် ဂျွန်နသန် ရှရီယာက မဲခွဲဆုံးဖြတ်မှု မတိုင်ခင် ပြောပါတယ်။

ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့နဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဟာ ငြိမ်းချမ်းရေး အလားအလာတွေကို အားလျော့စေပြီး အော်စလို သဘောတူညီမှုအရ သူတို့ ပေးထားတဲ့ ကတိတွေအတိုင်း မလိုက်နာတဲ့အတွက် တာဝန်ခံခိုင်းရမှာ ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။

၁၉၄၇ ကုလသမဂ္ဂ ဌာနချုပ်ဆိုင်ရာ သဘောတူညီမှုအရ အမေရိကန်အနေနဲ့ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်သို့ နိုင်ငံခြားသံတမန်တွေ လာရောက်ခွင့် ပြုပေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်က လုံခြုံရေး၊ အစွန်းရောက်ဝါဒနဲ့ နိုင်ငံခြားရေးမူဝါဒ အကြောင်းပြချက်တွေနဲ့ ပြည်ဝင်ခွင့် ငြင်းပယ်နိုင်တယ်လို့ ပြောထားပါတယ်။

နှစ်ပြည်ထောင် ဖြေရှင်းရေးအတွက် ထောက်ခံမှု ရရှိဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ ဦးဆောင်ကျင်းပမယ့် စက်တင်ဘာ ၂၂ ရက် ကုလသမဂ္ဂ ညီလာခံသို့ သမ္မတ အဘတ်စ်ကို အွန်လိုင်းကတဆင့် မိန့်ခွန်းပြောခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ နိုင်ငံအများက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ မျှော်လင့်ရပါတယ်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ်မှု မရှိဘဲ အများသဘောတူညီမှုအရ ဆော်ဒီ တော်ဝင်မင်းသား မိုဟာမက် ဘင်ဆော်လမန်အနေနဲ့ စက်တင်ဘာ ၂၂ ရက် ညီလာခံသို့ အွန်လိုင်းက တက်ရောက်ခွင့်ရှိတယ်လို့ သဘောတူညီထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.