မော်လမြိုင် ၊ စက်တင်ဘာ ၁၃

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ တော်လှန်ရေးအင် အားစုတွေ ထုတ်ပြန်ထားတဲ့အပေါ် မဲဆွယ်စည်းရုံးရေးကို လုံခြုံရေးအပေါ် မူတည်ပြီး လှုပ်ရှားသွားမယ်လို့ မွန်နိုင်ငံရေးပါတီတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပချိန်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးချိန်တွေမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စစ်ကော်မရှင်အနေနဲ့ စီစဉ်ပေးရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားတာပါ။

တစ်ဘက်မှာ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ပြဌာန်းထားပြီး အဲဒီဥပဒေအရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီကို ဗဟိုကနေ မြို့နယ်အထိ အဆင့်ဆင့် ဖွဲစည်းထားပြီး ဖြစ်ပါတယ်။

အဲဒီကော်မတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာကာလတွေအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့တွေက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတွင်းဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် လူစုလူဝေးနဲ့ လှည့်လည်ပြီး မဲဆွယ်စည်းရုံးဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေလို့ ပါတီတချို့က လက်ခံထားကြတာပါ။

ဒီအတွက် အွန်လိုင်းဆိုရှယ်မီဒီယာတွေကနေတဆင့် မဲဆွယ်စည်းရုံးဖို့နဲ့ လုံခြုံရေးအားကောင်းပြီး ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်တဲ့ မဲဆန္ဒနယ်တွေမှာသာ မဲဆန္ဒရှင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဖို့ စဉ်းစားနေကြပါတယ်။

မွန်ပြည်နယ်အတွင်းစည်းရုံးမယ့် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြည်သူတွေ မဲလာထည့်ဖို့ မဲရုံဖွင့်လှစ်နိုင်တဲ့ ဒေသတွေမှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံစည်းရုံးသွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့ အဓိကက ကျွန်တော်တို့ စဉ်းစားတာတော့ နည်းနည်းရှိတာပေါ့။ ပြည်သူလူထုတွေ မဲဆန္ဒနယ်မှာ မဲလာထည့်ဖို့အတွက် မဲဆန္ဒရှင်တွေကို တွေ့ဆုံပြီး စကားပြောရမယ်။ နောက်တစ်ခုက သူတို့ ဘာပဲဖြစ်ဖြစ် မဲမထည့်ဘဲနဲ့ ဒီအတိုင်းပဲ မနေသွားအောင် အဲဒါကို ကျွန် တော်တို့ စည်းရုံးသွားမယ်။ အဓိက မဲထည့်ဖို့က အရေးကြီးတာပေါ့၊ အဲဒါကို ပြည်သူလူထုနဲ့ တိုက် ရိုက်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာပေါ့။ ပါတီရော ကိုယ်စားလှယ်လောင်းရောပေါ့နော်”လို့ ဆိုပါတယ်။

ပါတီအနေနဲ့ ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်မယ့်သဘောရှိပြီး ပြည်သူ့လွှတ်တော်မှာတော့ အနိုင်ရနိုင်ခြေရှိမယ့် မဲဆန္ဒနယ်ကိုသာ ဝင်ရောက်ရွေးချယ်မယ့် အနေအထားလို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ပါတီကိုယ်စားလှယ်‌လောင်းတွေရဲ့ အမည်စာရင်းတွေကို သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းနိုင်ဖို့ ကြိုးစားနေပြီး အခက်အခဲမျိုးစုံကြားကနေ ရသလောက် အချိန်နဲ့ လုပ်ဆောင်နေတယ်လို့ နိုင်သန်းရွှေက ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ မွန်ပြည်သစ်ပါတီ AD က စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်လို့ ထိန်းချုပ်လှုပ်ရှားဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်တာကို လုံးဝ လက်မခံဘူးလို့ အသိပေးထားတာပါ။

ဒ့ါအပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် ပြုလုပ်တဲ့ အဖွဲ့အစည်း/ပုဂ္ဂိုလ်အဖြစ် သတ်မှတ်မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ကလည်း ကျရာတာဝန်ကို အတူတကွ ပူးပေါင်းဆောင်ရွက်မယ်လို့ ဗဟိုဌာနချုပ်က ထုတ်ပြောထားတာပါ။

ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက်ရေးပါတီကတော့ လုံခြုံရေးကြောင့် မြေပြင်လှုပ်ရှားမှုတွေကို လျှော့ချပြီး အွန်လိုင်းကနေ မဲဆွယ်ဖို့နဲ့ ပါတီရဲ့ လိုဂိုတွေကို လူမြင်ကွင်းတွေမှာ လိုက်ကပ်ဖို့‌လောက်ပဲ စဉ်းစားထားတယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကလည်း ပါတီတွေ မဲဆွယ်စည်းရုံးတဲ့အခါ အရင်ကလို စီတန်းလှည့်လည်တာမျိုးတွေ လုံခြုံရေးမပေးနိုင်တာကြောင့် ခွင့်မပြုဘူးလို့ သူက အခုလို ရှင်းပြပါတယ်။

“ဟိုတလောကပဲ ကျွန်တော်တို့ ကရင်ပြည်နယ် ရွေးကော်ကနေ ရှင်းပြတယ်။ ပါတီတစ်ခုနဲ့တစ်ခု ဟိုတုန်းကလိုမျိုး စီတန်းလှည့်လည်တာတို့ ဝတ်စုံလေးနဲ့ ခေါင်းပေါင်းနဲ့ အလံတွေနဲ့ လှည့်လည်လို့တော့ မရဘူး။ စုဝေးဟောပြောလို့တော့ ရတယ်။ စုဝေးဟောပြောရင် သူတို့ကို အကြောင်းကြား လုံခြုံရေးပေးမှာပေါ့။ အဲဒါပြီးလို့ရှိရင် ကိုယ့်ဟာကိုယ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြန်ထွက်သွားပေါ့။ အဲဒီဝန်းထဲမှာဆိုရင် မဲဆွယ်စည်းရုံးရေးကာလမှာတော့ ဝတ်စုံတွေဘာတွေ ဝင်ခွင့်အလံထောင်ခွင့်တော့ ရှိတာပေါ့၊ စီတန်းလှည့်လည်လို့တော့ ခွင့်မပြုတဲ့သဘောပေါ့။ လုံခြုံရေးမပေးနိုင်တဲ့ သဘောပေါ့”လို့ ဆိုပါတယ်။

ပါတီအနေနဲ့ ကရင်ပြည်နယ်အတွင်းရှိ အမျိုးသားလွှတ်တော်မှာ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေတွေအားလုံးနဲ့ မွန်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် တစ်နေရာအတွက် ဝင်ပြိုင်ဖို့ ရှိနေပြီး လောဆယ်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ကြိုးစားနေတယ်လို့ သူက ဆက်ပြောပါတယ်။

လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို စက်တင် ဘာ ၈ ရက်နေ့မှာ စတင် တင်သွင်းနိုင်ပြီး ၁၇ ရက်နေ့အထိ နောက်ဆုံးထားကာ ကြားထဲမှာ ရုတ်သိမ်းတာတွေ အစားထိုးတာတွေ လုပ်နိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ ကို မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အပိုင်း ၁ အထွေထွေရွေးကောက်ပွဲကိုတော့ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြုလုပ်ဖို့ ကြေညာထားတာပါ။

ဒါကြောင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းအရ ကျင်းပမယ့် နေ့ရက်မတိုင်ခင် ရက်ပေါင်း ၆၀ အ တွင်း ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ တစ်သီးပုဂ္ဂလတွေ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေး ရရှိမှာဖြစ်ပါတယ်။

အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း အပြီးသတ်ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်မှာ ကော်မရှင်အဖွဲ့ဝင်တွေက ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.