မော်လမြိုင် ၊ စက်တင်ဘာ ၁၃

အာဏာသိမ်း စစ်ကော်မရှင်တပ် လုံခြုံရေးအထူး တင်းကျပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း ဓါးပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ် အပြည့်အဝထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်မှာ စက်တင်ဘာ ၁၁ ရက်နေ့က လူနေအိမ် တစ်လုံး ဓားပြတိုက်ခံရပြီး အခေါက်ရွှေ ၁၀ ကျပ်သား၊ ငွေကျပ်သိန်း ၄၀၀ နီးပါးနဲ့ ဖုန်းတွေပါ ဓါးပြတိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

အလားတူ အဲဒီနေ့မှာပဲ သံဖြူဇရပ်မြို့က ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ လင်မယား နှစ်ဦးကို အမျိုးသား နှစ်ဦးက သေနတ်ပြပြီး ဓါးပြတိုက်သွားတာကြောင့် ရွှေထည်ပစ္စည်းအမျိုး ၂၀ နီးပါး၊ ခန့်မှန်တန်ဖိုး ကျပ်သိန်း ၃၇၀၀ ဝန်းကျင် ပါရှိသွားပါတယ်။

စစ်ကော်မရှင် အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေမှာ ဓားမြတိုက် လုယက်မှုတွေ ဆက်တိုက် ဖြစ်လာပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးတဲ့အပေါ် ဒေသခံပြည်သူလူထုအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ စစ်ကော်မရှင်က လုံခြုံရေး အင်အားအများအပြားနဲ့ မြို့ပေါ်တွေမှာ တင်းကျပ် ထားပေမယ့် ဓားပြတိုက် လုယက်မှုတွေ ပိုများလာသလို ပေါ်တင် ခိုးယူတာ၊ ပေါ်တင်နှိုက်ယူတာတွေကအစ ပိုဆိုးလာတယ်လို့ ပြောပါတယ်။

“အခုက ပိုပြီးတော့ လုယက်မှုတွေ ပိုများလာတယ်။ ပေါ်တင် ခိုးလာတယ်။ ပြီးတော့ ပေါ်တင် နှိုက်သွားတယ်။ ပစ္စည်းတွေဆိုလည်းအချောင်နှိုက်တာတွေ ပိုဆိုးလာတာပေါ့နော်။ လူမရှိဘဲ လူလေးယောက် ငါးယောက်ကလေးနဲ့ကို လုခံရတယ်။ ပိုက်ဆံအိတ်တွေ နှိုက်ခံရတယ်။ ပိုက်ဆံခြင်းတောင်းတွေ ခိုးခံရတယ်။ အဲဒီလိုမျိုး လှည့်ပြီးတော့ ပိုက်ဆံတွေ နှိုက်ပြေးသွားတယ်။ လူတွေက စာရိတ္တတွေပါ ချို့ယွင်းလာတာပေါ့”လို့ ဆိုပါတယ်။

အခုလို မြို့ပေါ်အထိ ဓားပြတိုက် ခိုးဆိုးလုယက်မှုတွေ ပိုမိုဆိုးရွားလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘယ်လို အခြေအနေမျိုးမှာမှ လုံခြုံမှုမရှိတော့သလို လုံခြုံမှုမရှိတဲ့အတွက် လုပ်ကိုင်စားသောက်ဖို့ကအစ အခက်အခဲ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း ဓားပြတိုက် ခိုးဆိုးလုနှိုက်မှု အများစုဟာ စစ်ကော်မရှင်က ထုတ်ပြန်ထားတဲ့ ညမထွက်ရအချိန်တွေမှာ အဖြစ်များတာကြောင့် မေးခွန်းထုတ်စရာရှိသလို သက်ဆိုင်ရာကို တိုင်ကြားပါကလည်း တိုင်ချက်သာ ဖွင့်ခိုင်းပြီး အရေးယူတာ မရှိဘူးလို့ ဝေဖန်ပါတယ်။

“ဥပဒေစိုးမိုးမှုကလည်း မရှိဘူးဆိုတော့ ည (၁၂)နာရီ ၊ (၁)နာရီ ညမထွက်ရအမိန့်ကို ကျော်လွန်ပြီး ထွက်လို့ရတဲ့ လူကလည်း ဘယ်လို လူစားလဲပေါ့။ မေးခွန်းမေးစရာတွေ ဖြစ်လာတာပေါ့။ လူတွေကလည်း အခုသက်ဆိုင်ရာ ရာအိမ်မှူးတို့ အုပ်ချုပ်ရေးမှူးတို့ သွားတိုင်ဖို့ကလည်း သူတို့က ဘာလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းက ပြန်လာတယ်ဆိုတော့ တိုင်မယ့်သူက ဘယ်သူကို တိုင်ရမှန်းလည်း မသိဘူး။ ရဲစခန်းမှာသွားပြောလည်း တိုင်ချက်ဖွင့်သွားတဲ့ တိုင်ချက်ဖွင့်ရမယ်တဲ့ စာရွက်စာတမ်းဖိုး ၅၀၀၀ ပေးခဲ့ဆို ၅၀၀၀ ပေးခဲ့ရတယ်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာ ဓားပြတိုက် ခိုးဆိုးလုယက်သူ အများစုဟာ အုပ်စုဖွဲ့ကျူးလွန်ကြတာဖြစ်တဲ့အပြင် လူကို အသက်အန္တရာယ် ပြုနိုင်တဲ့ လက်နက်တွေပါ ပါရှိတာကြောင့် နေအိမ်မှာ နေထိုင်တာကအစ သတိထားနေရမယ့် အခြေအနေတွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်က လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့အတွင်း အင်အားပြ လှည့်လည်တာ၊ လူသွား လူလာ များတဲ့နေရာတွေနဲ့ မထင်မှတ်တဲ့နေရာတွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေအပြင် CCTV အပြည့်တပ်ဆင်ထားပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိပါဘူး။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုမှု လျော့နည်း လာကာ မကြာခဏ ဆိုသလို နေအိမ်အတွင်း ဝင်ရောက်ပြီး ခိုးယူခံရတာ၊ ဓားပြတိုက်ခံရတာ၊ လူသတ်ပစ္စည်းလုယူခံရတာအပြင် ဆိုက်ကယ် ခိုးယူခံရတာတွေကအစ နေ့စဉ်နီးပါး ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.