ပုလော၊ စက်တင်ဘာ ၁၃

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ ထမင်းမစားကျေးရွာ တပ်စခန်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ KNU က ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၉ ရက်နေ့စလို့ ထမင်းမစားကျေးရွာ တပ်စခန်းကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီးနောက် စက်တင်ဘာ ၁၀ ရက်နေ့မှာ စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက စက် တင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထမင်းမစားကျေးရွာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၅၊ KNLA အထူးတပ်ဖွဲ့၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာ ၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.