နေပြည်တော် ၊ စက်တင်ဘာ ၁၀

စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်ဆိုပြီး PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေ စစ်တပ်နဲ့ လက်တွဲဖို့ တော်လှန်ရေးအင်အားစုကြား သွေးခွဲဗျူဟာ ကျင့်သုံးလာပါတယ်။

CRPH နဲ့ NUG တို့ဟာ PDF ကို ဖွဲ့စည်းပြီး လက်နက်ခဲယမ်းရရှိရေးအတွက် တချို့သော EAO တွေ လက်အောက်မှာ သွတ်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် တချို့ EAO တွေရဲ့ နယ်မြေချဲ့ထွင်တာတွေအတွက် PDF တွေကို လက်ကိုင်တုတ်အဖြစ် အသုံးပြုစေတာဟာ PDF တွေရဲ့ ဘဝတွေကို စတေးခဲ့တယ်လို့ စွပ်စွဲပါတယ်။

အခုအခါ နိုင်ငံတော်အစိုးရရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အချို့ EAO တွေဟာ ရပ်တည်ဖို့ ခက်ခဲလာကြပြီး PDF တွေလည်း ပိုမိုအတိဒုက္ခရောက်လာကြရတယ်လို့ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားတာပါ။

CRPH ၊ NUG တို့ရဲ့ လိုလားချက်မှာ သူတို့သာ ရွေးကောက်ခံအစိုးရဆိုတဲ့ ရပ်တည်မှု မပျောက်ဆုံးရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေတာဖြစ်ပြီး သူတို့ရဲ့ နှောင့်ယှက်မှုတွေကြောင့်သာ ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာလို့ အပြစ်ဖို့ ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနောက်ပြန်ဆွဲတာဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်တာကို အမှန်အတိုင်း ရှုမြင်ကြဖို့ အချိန်တန်ပြီလို့ စစ်ကော်မရှင်က ဖိတ်ခေါ်ချက်မှာ ထည့်သွင်းပြောဆိုထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးအင်အားစုတွေအားလုံး စုစည်းညီညွတ်မှ ဖြစ်မယ်ဆိုတာ စစ်တပ်က နားလည်တဲ့အတွက် သွေးခွဲရေးဗျူဟာ ကျင့်သုံးတာလို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆောင်ရွက်ဖို့ဆိုရင် ကျွန်တော်တို့ NUG PDF CRPH NUCC အဲဒါတွေအပြင် တိုင်းရင်းသား‌ တော်လှန်ရေးအင်အားစုတွေ ERO တွေပေါ့၊ အားလုံး စုစည်းညီညွတ်မှုသာလျှင် ဖြစ်မယ်ဆိုတဲ့ဟာကို အကြမ်းဖက်စစ်တပ်က ကောင်း ကောင်း နားလည်တယ်ဗျ။ အဲဒီတော့ ကောင်းကောင်းနားလည်တဲ့အတွက်ကြောင့်မို့ သူက ဒါကို တစိုက်မတ်မတ် သွေးခွဲရေးဗျူဟာကို အမြဲတမ်း ကျင့်သုံးလျက်ရှိတယ်။ အခုနောက်ဆုံး သူပြောလိုက်တဲ့ဟာဆိုလည်းပဲ ERO တွေနဲ့ PDF တွေကို သွေးခွဲတဲ့ စကားကို သူပြောတာပေါ့” လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲစာရင်းမှားယွင်းမှုတွေအတွက် ဆောင် ရွက်ပေးဖို့ တောင်းဆိုချက်တွေအပေါ် ငြင်းပယ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ခေါ်ယူဖို့ အတင်းအဓမ္မကြိုးပမ်းခဲ့တယ်လို့ ဖိတ်ခေါ်ချက်မှာ စွပ်စွဲထားတာပါ။

စစ်တပ်အနေနဲ့ မဲမသမာမှုတွေကို စိစစ်ဖော်ထုတ်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် တပ်ချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေအနေနဲ မကြာမီ ကျင်းပတော့မယ့် ရွေး ကောက်ပွဲအလွန် အားလုံးမျှော်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင် စုတည်ဆောက်နိုင်ရေးအတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ကမ်းလှမ်းတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနက ဌာနမှူး တလနိုင်က ငြိမ်းချမ်းလိုတဲ့ စိတ်ဆန္ဒနဲ့ ကမ်းလှမ်းတာမဟုတ်ဘဲ အပြကောင်းဖို့ သက်သက်နဲ့ ဖိတ်ခေါ်တာလို့ ထောက်ပြပါတယ်။

ဒါကြောင့် တော်လှန်ရေးရဲဘော်တွေ အလင်းဝင်တာ မရှိသလောက်နည်းပြီး စစ်ကော်မရှင် တပ်သားတွေကသာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဘက်ပြောင်းလာတာလို့ ပြောပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပါဝင်ဆင်နွှဲနေကြတဲ့ ရဲဘော်တွေအကုန်လုံးက စကစဆီမှာ သွားပြီး အလင်းဝင်တယ်ဆိုတာ တော်တော့်ကို ရှားတာ အင်မတန်ရှားတာ မရှိသလောက် နည်းတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီဘက်ကနေ တိုက်ပွဲမှာရော ဒီတိုင်းတပ်ရင်းစခန်းတွေကနေရော တော် လှန်ရေးတပ်ဖွဲ့တွေထဲကို အလင်းဝင်ဖို့ ဆက်သွယ်ကြတဲ့ ရောက်လာကြတဲ့ အရေအတွက်က အများကြီးပဲ။ ထောင်ဂဏန်းရှိတယ်။ ဆိုတော့ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီလုပ်နေတဲ့ ကမ်းလှမ်းချက်တွေဆိုတဲ့ဟာတွေက အလကားပဲပေ့ါ။ တကယ့်တကယ် လက်တွေ့မှာတော့ စစ်အုပ်စုထဲက တပ်သားတွေကပဲ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ တွေဆီ ဘက်ပြောင်းလာတာပဲ ရှိတယ်”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ စစ်တပ်နဲ့ နိုင်ငံရေးပါတီတွေအပြင် PDF တွေလည်း လိုလားကြပြီး ရည်မှန်းချက်ချင်း တူညီကြတယ်လို့ ဝါဒဖြန့်ထားတာပါ။

နိုင်ငံတော်အစိုးရ၊ စစ်တပ်တို့နဲ့ လက်တွဲပြီး နိုင်ငံအကျိုး ဒေသအကျိုးကို ဖော်ဆောင်ဖို့ ဆန္ဒရှိရင် တစ်ဦး ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်းတွေ၊ ဒေသအာဏာပိုင်တွေထံ ဆက်သွယ်ညှိနှိုင်းနိုင်တယ်လို့ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.