ဘရပ်ဆဲလ်၊ သြဂုတ် ၂၉
ဇူလိုင်လနောက်ပိုင်း ယူကရိန်းမြို့တော် ကိဗ်ကို ရုရှားရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုကြောင့် လူ ၂၃ ဦး သေဆုံးပြီး အီးယူ ကိုယ်စားလှယ်များရုံး ဌာနချုပ် အဆောက်အဦးထိခိုက်ပျက်စီးသွားတာကြောင့် ဒေါသထွက်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလေယာက ပြောပါတယ်။
ရုရှားရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ် ၄ ဦး ပါဝင်ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရှိတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ငါးထပ် လူနေ အဆောက်အဦး တစ်ခု ပျက်စီးသွားပြီး အီးယူ ကိုယ်စားလှယ်များ ဌာနချုပ် ရုံးအဆောက်အဦးနဲ့ အနီးအနားရှိ ဗြိတိန်ကောင်စီ အဆောက်အဦးတို့ ပျက်စီးသွားခဲ့ပါတယ်။
ဥရောပ သံတမန်အဆောက်အဦးအနီး ၁၆၅ ပေလောက်မှာ စက္ကန့် ၂၀ အတွင်း ဒုံးကျည်နှစ်လုံး ထိမှန် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ဗွန်ဒါလေယာက ပြောပါတယ်။
မြို့တော် ကိဗ်ကို အခုလအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုအနေနဲ့ ရုရှားက ဒရုန်း အစီးရေ ၆၀၀၊ ပဲ့ထိန်း ဒုံးကျည် ၃၀ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

သေဆုံးသူ အများစုကတော့ ကိဗ်မြို့ရဲ့ဘယ်ဖက်ခြမ်း အရှေ့တောင်ပိုင်း ဒါနီစကီးဒေသရှိ ငါးထပ် လူနေ အဆောက်အဦးမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေကို ဖျက်ဆီးနေတယ်လို့ ပြောပါတယ်။
မော်စကိုဟာ ဆွေးနွေးရေး စားပွဲဝိုင်းကို ရွေးချယ်ရမယ့်အစား ပဲ့ထိန်းဒုံးကျည်တွေကိုပဲ ရွေးချယ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောဆိုထားတာပါ။
အခုလို အရပ်သား ပစ်မှတ်တွေကိုပါ မချန် တိုက်ခိုက်ပေမယ့် ရုရှားအနေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းဖို့ စိတ်ဝင်စားဆဲပဲလို့ ကရင်မလင် နန်းတော်က ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေက ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို လှောင်ပြောင်လိုက်တာ ဖြစ်တယ်လို့ ဥရောပ နိုင်ငံခြားမူဝါဒ အကြီးအကဲ ကာဂျာ ကောလက်စ်က ပြောပါတယ်။
ဂျာမနီ ဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ်ကတော့ ရုရှားရဲ့ စရိုက်အမှန်ကို ထပ်ပြီး ပြသလိုက်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။
ယူကရိန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ကိတ် ကဲလ်လော့ဂ်က လူနေ အဆောက်အဦးတွေကို တိုက်ခိုက်တာဟာ ထိတ်လန့်စရာကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ဒီအတောအတွင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အန်ဒရီ ကီလင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ထားပါတယ်။
Ref:BBC

