သရက်ချောင်း၊ ဩဂုတ် ၂၈

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ အသက်မပြည့်သေးတဲ့ စစ်မှုထမ်းသင် တန်းဆင်း တပ်သားတစ်ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားဟာ အသက် ၁၆ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်ဇင်ကိုကိုဖြစ်ပြီး ကျောင်းပိတ်ချိန် အလုပ်ကအပြန် စစ်ကော်မရှင်တပ်သားတွေရဲ့ အတင်းအဓမ္မ ဖမ်း ဆီးခြင်းကို ခံခဲ့ရတာပါ။

သူဟာ ဖမ်းဆီးခံရချိန်မှာ ကျောင်းသားဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြခွင့်မရရှိဘဲ စစ်ကော်မရှင်တပ်သားတွေရဲ့ ရိုက်နှက်ညှင်းပန်းမှုကို ခံရတာကြောင့် စိတ်မပါဘဲ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကို တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ သရက်ချောင်းမြို့နယ် စော်ဖျား၊ မိုးရွှေကုန်းကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စဉ် ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ ဗိုလ်မှူးတစ်ဦးက ခိုင်းစေခဲ့တယ်လို့ စစ်မှုထမ်း တပ်သား မောင်ဇင်ကိုကိုက ပြောပြပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ်တွေနဲ့ ဈေးဆိုင်အများအပြားကို စစ်ကော်မရှင်တပ်သားတွေက ဖောက်ထွင်းခဲ့ပြီး တန်ဖိုးရှိ ပစ္စည်းတွေအပြင် ဆန်၊ဆီ၊ဆားနဲ့ အဝတ်အထည်တွေကိုပါ ခိုးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းတပ်သား မောင်ဇင်ကိုကို ထွက်ပြေးတဲ့အချိန်မှာလည်း စစ်ကော်မရှင်တပ်သားတွေက လိုက်လံဖမ်းဆီးခဲ့ပေမယ့် ဖမ်းမမိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာလည်း တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကော်မရှင်တပ်ဟာ စစ်အင်အားလိုအပ်ချက်ကြောင့် စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၁၆ အထိ သင်တန်းဖွင့်လှစ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.