မော်လမြိုင်၊ ဩဂုတ် ၂၈
နိုင်ငံတဝန်းရှိ စစ်ကော်မရှင်ရဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ အရေပြားရောဂါဖြစ်ပွားတဲ့ အခြေအနေ ပိုမိုဆိုရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။
အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသူတွေဟာ အရင်ကတည်းက နေရာထိုင်ခင်း အပါအဝင် ရေမသန့်ရှင်းမှုတွေကြောင့် အရေပြားရောဂါတွေ ဖြစ်ပွားနေရာမှ လက်ရှိမိုးရာသီမှာ ရောဂါကူးစက်မှုနှုန်း ပိုများလာတာပါ။
ဇွန်လကတည်းက အရေပြား ကူးစက်ရောဂါတွေ ပိုမိုဆိုးရွာလာတာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရောဂါကူးစက်မှု ရှိလာခဲ့ပြီလို့ WOPP က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေဟာ ရေမသန့်ရှင်းတာ၊ ရက်လွန် ဒါမဟုတ် နှစ်လွန်ဆေးဝါးတွေ အသုံးပြုရတာ၊ မိသားစုမှ ပေးပို့တဲ့ ဆေးဝါးတွေ မရရှိတာအပြင် နေရာမသန့်ရှင်းတာနဲ့ ကြပ်တည်းမှုတွေကြောင့် ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူတွေ အသုံးပြုရတဲ့ ချိုးရေဟာလည်း မသန့်ရှင်းတဲ့အပြင် တကိုယ်ရေ သန့်ရှင်းရေအတွက် အချိန်အကန့် ရေပမဏ အကန့်အသတ်နဲ့သာ ချိုးရတာကြောင့် အရေပြားရောဂါ ကူးစက်ရတယ်လို့ ဆိုပါတယ်။
ဆေးဝါးကုသခွင့် လုံလုံလောက်လောက်မရရှိတာ ရက်လွန်၊ နှစ်လွန်ဆေးဝါးတွေကိုသာ ပေသုံးတဲ့အပြင် မိသားစုတွေ ပေးပို့တဲ့ ဆေးဆိုရင်လည်း ပုလင်းနဲ့ဆေးဆိုရင် ပါဆယ်ဌာနက ဝန်ထမ်းတွေက ဆေးအမျိုးအစား မသိရင် ထောင်ဆရာဝန်ကို မမေးမြန်းဘဲ ပါဆယ်ဌာနမှာတင် ပေးမသွင်းဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာလည်း အရေပြား ရောဂါဖြစ်ပွားနေပြီး အဖြစ်အများဆုံးကတော့ ရမည်းသင်းထောင်၊ ပြည်ထောင်၊ အင်းစိန်ထောင်၊ ဒိုက်ဦးထောင်တို့မှာ အများဆုံးဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ အနေနဲ့ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဆေးဝါးပို့ဆောင်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ ငွေကြေးအပြင် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေနဲ့ အမျိုးသမီးသုံးပစ္စည်းတွေ ပို့ဆောင်ပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – WOPP

