ငါန်းဇွန်း၊ မေ ၂၃

နိုင်ငံတဝန်းမှာ အခုလ သုံးပတ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ပါတယ်။

မေ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂၇ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုအတွင်း သေဆုံးသူတွေထဲမှာ အသက် ၅ လအရွယ် ယောင်္ကျားလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ခုနှစ်ဦး ပါဝင်ပါတယ်။

အရပ်သားသေဆုံးမှုအရ ချင်းပြည်နယ်မှာ သေဆုံးသူ ရှစ်ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ခုနှစ်ဦးနဲ့ ဒုတိယ အများဆုံးဖြစ်ကာ အဲဒီကာလအတွင်း အတည်ပြုဖို့ လိုအပ်နေတဲ့ သေဆုံးသူ ၂၆ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူထားတယ်လို့ AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာစဉ် လေကြောင်းဗုံးကြဲခံရတာကြောင့် စစ်ရှောင်မိသားစုဝင် သုံးဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် မေ ၂၁ ရက်နေ့အထိ စစ်ကော်မရှင်တပ်နဲ့ လက်ပါးစေအဖွဲ့တွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၈၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.