ရေး၊ ဩဂုတ် ၂၆
မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးအမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သြဂုတ် ၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင် တပ်ရင်းက လက်နက်ကြီးတစ်လုံး ပစ်ခတ်ရာကနေ စံပြကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာအိပ်နေတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုး သားတစ်ဦးဟာ ညာဘက်ဒူးခေါင်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားဟာ စစ်ကော်မရှင်ရဲ့ ညမထွက်ရအမိန့်ကြောင့် သြဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းမှသာ လမိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကော်မရှင်ရဲ့ ခလရ ၁၀၆ တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း ခလရ ၁၀၆ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကနင်ကမော့ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

