နေပြည်တော် ၊ ဩဂုတ် ၂၆
မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ မိမိတို့ရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းပါ မူဘောင်အတိုင်း ရပ်တည်ကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လုပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဘောထားထုတ်ပြန်ပါတယ်။
စစ်အုပ်စုကနေ ဒီနှစ်ကုန်ပိုင်းအတွင်းဦးဆောင်ကျင်းပမယ့် တရားမဝင်အတုအယောင် ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ဩဂုတ် ၂၄ ရက်နေ့မှာ အသိပေးကြေညာခဲ့တာပါ။
NUG အနေနဲ့ စစ်တပ်က ကြိုးကိုင်ထားတဲ့ ဟန်ပြ နိုင်ငံရေးလှည့်စားမှု မဟုတ်ဘဲ ပြည်သူက တွန်း အားပေးတဲ့ အားလုံးပါဝင်နိုင်မှုရှိတဲ့ ဒီမိုကရေစီနည်းကျတဲ့ လုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံရဲ့ အနာ ဂတ်ကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
ဒါကြောင့် တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဌာန်းခြင်းနဲ့ ရွေးကောက်ပွဲကျင်းပခြင်း မူဘောင်အတိုင်း ရပ်တည်သွားမှာ ဖြစ်ပါတယ်။
အဲဒီမူဘောင်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) မှာ ပြဌာန်းထားတာဖြစ်ပြီး မဟာမိတ်တွေနဲ့ လက်တွဲကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ NUG က အသိပေးခဲ့တာပါ။
ဒါ့အပြင် NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ခံ အဖွဲ့အစည်းတွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် ကြေညာထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေအတွင်း တရားမဝင် အတု အယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ဖို့ ပြည်သူလူထုကို ဖိအားပေးမှုတွေရှိလာရင် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ခေတ်အဆက်ဆက် မြန်မာပြည်သူလူထုတွေအပေါ် နည်းလမ်းပေါင်းစုံနဲ့ ဖိစီးနှိပ်စက်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့လို့ ကမ္ဘာကအလိုရှိနေတဲ့ စစ်ရာဇဝတ်သားတွေ ဖြစ်ပါတယ်။
အလားသူ ပြည်သူ့အာဏာကို မတရားလုယူဖို့ ကြိုးစားခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီမှာ စတင်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာလည်း ပြည်သူလူထုအပေါ် ကြီးမားတဲ့ စစ်ရာဇဝတ်မှုမြောက်များစွာ ဆက်လက်ကျူးလွန်ခဲ့တဲ့ အစုအဖွဲ့လည်း ဖြစ်တယ်လို့ NUG က ဆိုပါတယ်။
လက်ရှိမှာလည်း ဩဂုတ်ကနေ စတင်ပြီး စစ်အုပ်စုဟာ အမည်နာမနဲ့ ဖွဲ့စည်းပုံပြောင်းလဲကာ အတုအယောင် ရွေးကောက်ပွဲကို ဇွတ်အတင်း ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး လူထုကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေကို ဆတိုးလုပ်ဆောင်လာနေတာပါ။
အခုလို တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို သေနတ်ထောက်၊ ဓားမိုးပြီး ဇွတ်အတင်းပြုလုပ်ဖို့ ကြိုးစားလာမှုကို ပြည်တွင်း၊ပြည်ပမှာ ရှိကြတဲ့ မြန်မာပြည်သူလူထုက တတ်စွမ်းတဲ့ နည်းနဲ့ ဆန့်ကျင်တော်လှန်ကြဦးမယ်လို့ အပြည့်အဝယုံကြည်ကြောင်း ဆိုပါတယ်။
နိုင်ငံတကာက အစိုးရတွေ အဖွဲ့အစည်းတွေအပါအဝင် ဒီမိုကရေစီ မဟာမိတ်တွေအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ဖို့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး ကြိုးပမ်းမှုအတွက် ပံ့ပိုးအားဖြည့်ပေးဖို့ NUG က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

