နေပြည်တော် ၊ ဩဂုတ် ၈
အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ မြန်မာစစ်အုပ်စုက လော်ဘီအဖွဲ့ DCI Group ကို တစ်နှစ်စာအတွက် ကန်ဒေါ်လာ သုံးသန်းနဲ့ ငှားရမ်းခဲ့တယ်လို့ Justice For Myanmar (JFM) က ဩဂုတ် ၇ ရက်နေ့မှာ ထုတ်ဖော်လာပါတယ်။
အမေရိကန်ရီ ပက်ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ဟာ မြန်မာစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဇူလိုင် ၃၁ ရက်နေ့က စတင်အသက်ဝင်တဲ့ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တာပါ။
အဲဒီစာချုပ်ကို DCI Group ရဲ့ စီမံခန့်ခွဲမှုမိတ်ဖက် Justin Peterson နဲ့ စစ်အုပ်စုရဲ့ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင် ကိုယ်စားပြုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့တာလို့ JFM က ဆိုပါတယ်။
စာချုပ်အရ ကုန်သွယ်ရေး၊ သဘာဝသယံဇာတနဲ့ လူသားချင်းစာနာမှုအကူအညီဆိုင်ရာတွေမှာ အမေရိကန်နဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ဆောင်ဖို့ တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၃ သန်း စုစုပေါင်း ပေးချေရမှာပါ။
လော်ဘီအဖွဲ့ DCI Group ကို ပထမအရစ် ငွေပေးချေမှုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကို စစ်အုပ်စုရဲ့ စစ်ကောင်စီကို ဖျက်သိမ်းပြီး စစ်ကော်မရှင်နဲ့ အစားထိုးဖွဲ့စည်းခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ပေးချေခဲ့တာလို့ ထုတ်ဖော်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံခြားကိုယ်စားလှယ် မှတ်ပုံတင်ရေးဥပဒေစာရွက်စာတမ်းတွေမှာ DCI Group နဲ့ အဓိက ဆက်ဆံမယ့်သူအဖြစ် စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်ကို စာရင်းသွင်းထားတာပါ။သူဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး “ပြန်ကြားရေးအဖွဲ့”မှာလည်း အတွင်းရေးမှူးတစ်ဦး ဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်သူတွေအပေါ် စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအဖြစ် သတင်းမှားတွေနဲ့ အမုန်းစကားတွေကို ထုတ်လုပ်ဖြန့်ချီရာမှာ ပါဝင်လုပ်ဆောင်နေတာလို့ JFM က ထောက်ပြပါတယ်။
DCI Group ဟာ ၂၀၂၀ ခုနှစ် ဒေါ်နယ်ထရန့်အစိုးရရဲ့ ပထမသက်တမ်းအတွင်း သမ္မတက Justin Peterson ကို ပူအာတိုရီကိုနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်မှုနဲ့ စီမံခန့်ခွဲမှုဘုတ်အဖွဲ့မှာ သူရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ဒါ့အပြင် အဲဒီအဖွဲ့ဟာ ၂၀၀၂ ခုနှစ်ကလည်း အရင်မြန်မာစစ်အုပ်စုနဲ့ စာချုပ်တစ်ရပ် ရှိခဲ့ပြီး စစ်အုပ်စုရဲ့ ပုံရိပ်ကို ခဝါချသန့်စင်ရေးနဲ့ နိုင်ငံရေးရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို တွန်းတင်ရေးတို့အတွက် အမေရိကန်အစိုးရကို လော်ဘီလုပ်ပေးခဲ့ပါတယ်။
JFM ကတော့ DCI Group လော်ဘီအဖွဲ့အနေနဲ့ လက်မောင်းပြုတ်အောင် လျှော်ဖွပ်ရင်တောင် မြန်မာစစ်တပ်ရဲ့ သွေးစွန်းလက်တွေကို သန့်စင်နိုင်မှာ မဟုတ်ဘူးလို့ လက်ရှိ အမေရိကန်အစိုးရနဲ့ ပြေလည်ရေး စာချုပ်အပေါ် ထောက်ပြထားတာပါ။
ရက်စက်ကြမ်းကြုတ်မှုကို အပြစ်ပေးအရေးယူခံရမှု အလုံးစုံကင်းလွတ်အောင် ကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် အားပေးကူညီသူအဖြစ် ထမ်းဆောင်ဖို့ ရွေးချယ်လိုက်တဲ့ DCI Group ရဲ့ ဆုံးဖြတ်ချက်ကိုလည်း JFM က ကန့်ကွက်ရှုတ်ချထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Justice For Myanmar

