မော်လမြိုင် ၊ ဩဂုတ် ၈
မြန်မာတောင်ပိုင်းဒေသ ကရင်နီ၊ ကရင်၊ မွန် နဲ့ တနင်္သာရီတို့မှာ ပြီးခဲ့တဲ့ ဇူလိုင်တစ်လတာအတွင်း အရပ်သားပြည်သူ ၁၂၁ ဦး သေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညအင်စတီကျူ သုတေသနဌာန RICE ကနေ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအများစုဟာ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်ခံရတာ ဒရုန်းထိမှန်တာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးတာတွေကြောင့်လို့ ဩဂုတ် ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ RICE ရဲ့ လစဉ်ဒေတာအစီရင်ခံစာမှာ ဖော်ပြပါတယ်။
တနင်္သာရီတိုင်းမှာတင် သေဆုံးသူ ၇၉ ဦးအထိ အများဆုံးရှိခဲ့သလို ဒဏ်ရာရမှုကလည်း ၇၄ ဦးအထိ ရှိနေတာပါ။
ဒါ့အပြင် ကရင်နီမှာလည်း ၁၈ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိသလို မွန်မှာတော့ ၁၇ ဦး သေဆုံးကာ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကရင်မှာလည်း သေဆုံးသူ ၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တာပါ။
စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဘက်တိုက်ပွဲတွေအပါအဝင် လက်နက်ကြီး ဒရုန်းနဲ့ မြေမြှုပ်မိုင်းဒဏ်တွေကြောင့် အရပ်သားပြည်သူ ထိခိုက်မှုနဲ့ သေဆုံးမှုအရေအတွက် နေ့စဉ်နဲ့အမျှ မြင့်လာနေတာလို့ RICE က ဆိုပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နှစ်ဘက်တိုက်ပွဲကြောင့် ဘာသာရေးအဆောက်အအုံ တွေအပါအဝင် အရပ်သားနေအိမ် ထိခိုက်ဖျက်ဆီးခံရမှုနဲ့ မီးလောင်မှုမှာတော့ စုစုပေါင်း ၃၉ လုံးအထိ ရှိခဲ့တာပါ။
တစ်ဘက်မှာ ဒေသတွင်းနေ အရပ်သားပြည်သူ ၇၀ နီးပါးအထိ ဖမ်းဆီးခံရပြီး ကရင်နီပြည်နယ်မှာ တစ်ဦး၊ မွန်ပြည်နယ်မှာ လေးဦးနဲ့ တနင်္သာရီတိုင်းမှာ ၆၄ ဦးအထိ အများဆုံးဖမ်းဆီးခံခဲ့ရတာလို့ RICE ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ စွပ်စွဲခံရသူတွေအပါအဝင် စစ်မှုထမ်းဥပဒေကြောင့် အစုလိုက်အပြုံလိုက် အတင်းအဓမ္မဖမ်းဆီးခံရသူတွေလည်း ပါဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

