ကရင်ပြည်နယ် သံတောင်ကြီး မြေပြိုမှုသေဆုံးသူ ၁၁ ဦးအထိရှိလာ

သံတောင်ကြီး၊ သြဂုတ် ၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုတွေကြောင့် သေဆုံးသူဦးရေ ၁၁ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖော်ထုတ်ရာမှာ အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး သံတောင်ကြီးမြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေနဲ့ ဥယျာဉ်ခြံတွေ ပျက်စီးဆုံးရှုံးတာ၊ လူထိခိုက်သေဆုံးမှုတွေရှိတာအပြင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် သွားလာရေးမှာလည်း ခက်ခဲနေတယ်လို့ သံတောင်ကြီးဒေသခံတွေက ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ကနေ ဩဂုတ် ၇ ရက်နေ့အထိ မိုးကြီးပြီး မြေပြိုကျမှုဖြစ်စဉ်အတွင်း သံတောင်ကြီးမြို့ အမှတ် ၁ ရပ်ကွက်က မိသားစုဝင် ၄ ဦး၊ သံတောင်ကြီးမြို့နယ် လိပ်ပြာလေး၊ ခိုဝယ် စတဲ့ တောင်ပေါ်ကျေးရွာတွေက ဒေသခံ ၇ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတချို့လည်း ရှိတယ်လို့ သံတောင်ကြီးဒေသခံတွေက အသိပေးထားပါတယ်။

မြေပြိုကျမှုကြောင့် သံတောင်ကြီးမြို့ပေါ်မှာ အိမ်ခြေအလုံး ၃၀ ဝန်းကျင် ပျက်စီးခဲ့ရပြီး တောင်ပေါ်ကျေးရွာတွေမှာလည်း နေအိမ်တွေအများအပြားနဲ့ ဥယျာဉ်ခြံတွေ အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြေပြိုမှုဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေရာမှာလည်း ခက်ခဲနေပြီး စက်ယန္တရားအကူ အညီတွေ လိုအပ်နေသလို မြေပြိုမှုကြောင့် တံတားကျိုးကျပျက်စီးတာ လမ်းတွေပျက်စီးပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့တဲ့ လမ်းပန်းဆက်သွယ်ရေး သွားလာမှုမှာ ခက်ခဲမှုတွေ အများကြီးရှိနေတယ်လို့ သံတောင်ကြီးဒေသခံတွေက ဆိုပါတယ်။

သံတောင်ကြီးမြို့နယ်ထဲမှာ အခုနှစ်အတွင်း မြေပြိုမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး လူထိခိုက်သေဆုံး များပြားခဲ့ရတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သံတောင်ကြီးဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.