မော်လမြိုင် ၊ ဩဂုတ် ၈

လက်နက်အားကိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်နဲ့ မဟာလူမျိုးကြီးဝါဒီတွေကို လက်နက်နဲ့သာ တိုက်ယူရမယ်လို့ မွန်ပြည်သစ်ပါတီ AD/ရာမညမွန်တပ်တော်က ဩဂုတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီသဘောတရားကို ဆုပ်ကိုင်ပြီး ပြည်တွင်းပြည်ပရှိ မွန်အမျိုးသားတစ်ရပ်လုံးနဲ့ မွန်ပြည်နယ်သူ ပြည်နယ်သားအားလုံး တော်လှန်ရေးစိတ်ဓာတ်နဲ့ ကျရာအခန်းကဏ္ဍမှာ စုပေါင်းလက်တွဲ တိုက်ပွဲဝင်သွားကြဖို့ အဖွဲ့ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်လိုက်တာပါ။

မွန်တို့ရဲ့ ကံကြမ္မာကို မွန်တို့ ပြန်လည်ဖန်တီးရယူနိုင်ရေးအတွက် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့မှာ မျိုးချစ်လူငယ် ၂၇ ဦးကနေ ဇာသပြင်ရွာ ကာကွယ်ရေးလက်နက်တွေကို ဝင်ရောက်သိမ်းဆည်းခဲ့တဲ့ နေ့ကို အစွဲပြုပြီး မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

တော်လှန်ရေးခရီးကြမ်းတစ်လျှောက် အသက်သွေးချွေးပေးဆပ်ခဲ့ကြတဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေနဲ့ မျိုးချစ်ပြည်သူလူထုအပေါင်းတို့ကို ဂုဏ်ပြုဦးညွတ်အလေးပြုအပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်သစ်ပါတီ AD/ရာမညမွန်တပ်တော်က လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို သန္နိဌာန်ချ ရွေးချယ်ကာ စစ်အာဏာရှင်တွေကို ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

မွန်တော်လှန်ရေးခရီးမှာ ရှည်ကြာနေခဲ့ပြီဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေအောက်မှာ မွန်တစ်မျိုးသားလုံး ရုန်းကန်တော်လှန်သွားကြမယ်ဆိုရင် မိမိတို့ လိုလားတဲ့ မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အချိန်အခါကောင်းပဲလို့ ထောက်ပြတာပါ။

အခုနှစ်ကုန်မှာ စစ်အာဏာရှင်တွေက ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပြီး ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့နဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီ AD အနေနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်ဖို့ အသက်ဆက်မယ့် အဖွဲ့အစည်းအဖြစ် သတ်မှတ်သွားမယ်လို့ အသိပေးတာပါ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့သာ ကြိုးပမ်းမယ်ဆိုရင် ပဋိပက္ခတွေ ပိုမိုကြီးမားကျယ်ပြန့်လာမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြသတိပေးထားတာ တွေ့ရပါတယ်။

ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ အတင်းအဓမ္မတပ်သားစုဆောင်းနေမှုကို ပြည်သူလူထုအနေနဲ့ ရရာနည်းလမ်းနဲ့ ဖြစ်စေ မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲတာဖြစ်စေ ဆန့်ကျင်သွားဖို့ တိုက်တွန်းထားတာပါ။

မွန်ပြည်သစ်ပါတီAD/ရာမညမွန်တပ်တော်အနေနဲ့ တော်လှန်ရေးခရီးတစ်လျှောက် မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်ကြီးကို မဟာမိတ်ဘဝတူတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အခြားတော်လှန်ရေးအဖွဲ့အားလုံးနဲ့ လက်တွဲပြီး အမျိုးသားအခွင့်အရေး၊ အဖိနှိပ်ခံ လူထုတစ်ရပ်လုံးရဲ့ အခွင့်အရေးတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP-AD/ RMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.