သထုံ၊ ဩဂုတ် ၈
မွန်ပြည်နယ် သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ကုန်တင်ကားမောင်းသူ တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၈ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ ပေါင်မြို့နယ်ကနေ သထုံမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကုန်တင်ကား တစ်စီးဟာ ပုတိမ်းရိုးစာသင်ကျောင်းအလွန်မှာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။
“မိုင်းက ကားဖြတ်တဲ့အချိန်မှာ ထပေါက်တာ။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး။ ကားသမားတော့ နည်းနည်းထိသွားတယ်။ မစိုးရိမ်ရဘူး”လို့ ပုတိမ်ရိုးဒေသခံ တစ်ဦးက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ကုန်တင်ကားမောင်းသူ အသက် ၃၇ နှစ်အရွယ် ဦးကိုဆောင်ဟာ ဝမ်းဗိုက်၊ လက်နဲ့ ကျောဘက်တွေမှာ မိုင်းအစထိမှန်ဒဏ်ရာရရှိခဲ့တာကြောင့် သိမ်ဆိပ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းကာလအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မိုင်းပေါက်ကွဲမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့အတွက် ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

