မော်လမြိုင် ဩဂုတ် ၈
လာမယ့် ဒီဇင်ဘာမှာ ကျင်းပဖို့ရှိနေတဲ့ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ လက်ဝေခံ တရားမဝင် မြန်မာသတင်းမီဒီယာကောင်စီ MPC နဲ့ပတ်သက်လို့ ကန့်ကွက်ကြောင်း ဩဂုတ် ၈ ရက်နေ့ ရက်စွဲနဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်း မြန်မာစစ်အုပ်စုဟာ အုပ်ချုပ်ရေးပုံစံအသစ်ကို ထပ်မံဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်တာဟာ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အကျိုးမရှိဘဲ နိုင်ငံ့အာဏာကို လွှမ်းမိုးဖို့နဲ့ စစ်အုပ်စု သက်ဆိုးရှည်စေရေးအတွက်သာ ရည်ရွယ်ထားတာကို ရွေးကောက်ပွဲ ကော်မရှင်က ဆဌမအကြိမ် ပြင်ဆင်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာ အထင်းအရှား မြင်ရတယ်လို့ IPCM က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဟာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာ တားမြစ်ထားတယ်လို့ IPCM က သုံးသပ်ထားတာပါ။
ရွေးကောက်ပွဲ ပျက်ပြားစေဖို့ ဟောပြောစည်းရုံးတာ၊ ဆန္ဒပြတာနဲ့ စာရေးသားဖြန့်ချိတာတွေ ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိနဲ့ ငွေဒဏ်ချမှတ်ခံရနိုင်ပြီး လူသေဆုံးတဲ့အထိ ဖြစ်ပွားပါက သေဒဏ် ချမှတ်မယ်လို့ ဖော်ပြထားတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တဲ့အပြင် ပြည်သူကိုလည်း ခြိမ်းခြောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၃၀ ရက်မှာ အသက်သွင်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေဟာလည်း ပြည်သူတွေရဲ့ ဒီဂျစ်တယ်အခွင့်အရေးကို ချိုးဖောက်တာ၊ နိုင်ငံရေးအတိုက်အခံတွေကို စောင့်ကြည့်ထောက်လှမ်းတာနဲ့ သတင်းမီဒီယာသမားတွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ဖြန့်ချိတာကို အရေးယူဖို့ လုပ်ပိုင်ခွင့် ချဲ့ထွင်ပေးတာဖြစ်လို့ ICPM အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ထားတာပါ။
အရေးပေါ်ကာလပြီးဆုံးသွားပြီလို့ စစ်အုပ်စုက ပြောနေပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ” ပါ အခွင့်အရေးတွေ ဆက်လက်ရုပ်သိမ်းခံထားရတဲ့အပြင် ဘယ်သူမဆို အချိန်မရွေး နေရာမရွေး ဝင်ရောက် ဖမ်းဆီးခံရနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု လက်ဝေခံ မြန်မာသတင်းမီဒီယာကောင်စီ MPC ဟာ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေကိုသာ ကိုယ်စားပြု လုပ်ဆောင်နေပြီး အကျဉ်းကျ မတရားဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃၇ ဦးနဲ့ လွတ်လပ်သော သတင်းမီဒီယာတွေရဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြုတာ လွတ်လပ်လုံခြုံတဲ့ သတင်းရေးသား ထုတ်လုပ်တာကို ကာကွယ်ပေးတာမျိုး မရှိဘူးလို့ IPCM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် MPC ရဲ့ မီဒီယာအရေး ချိတ်ဆက်လုပ်ဆောင်မှုတွေနဲ့အကျိုးဆက်တွေကိုလည်း IPCM က အသိအမှတ်မပြုဘဲ ရှုတ်ချထားတာပါ။
အထူးသဖြင့် စစ်အုပ်စုဟာ သူတို့ရဲ့ လက်ဝေခံ MPC ကနေတဆင့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတနေသယောင် အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာကောင်စီတွေထံ စေလွှတ်ပြီး ကြိုးစား စည်းရုံးနေတဲ့ကိစ္စဟာ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေအတွက် စိန်ခေါ်မှုကြီး ဖြစ်တယ်လို့ နိုင်ငံတကာက သတင်းမီဒီယာ မိတ်ဖက်တွေထံ IPCM က အသိပေးထားပါတယ်။
ဒီစာကို ထုတ်ပြန်တဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ဟာ လွတ်လပ်သော မြန်မာသတင်းမီဒီယာဌာန ၄၀၊ တသီးပုဂ္ဂလ မြန်မာသတင်းသမားတွေ၊ မီဒီယာကျွမ်းကျင်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ တရားဝင် သတင်းမီဒီယာကောင်စီ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

