ကိဗ်၊ သြဂုတ် ၅

တရုတ်၊ ပါကစ္စတန်နဲ့ အာဖရိကဒေသတွေ အပါအဝင် နိုင်ငံ အမျိုးမျိုးက နိုင်ငံခြား ကြေးစားစစ်သားတွေဟာ ယူကရိန်း အရှေ့မြောက်ပိုင်းမှာ ရုရှားအတွက် တိုက်ပွဲဝင်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သြဂုတ် ၄ ရက်မှာ ပြောကြားလိုက်ပြီး တုံ့ပြန်မယ်လို့ ကြွေးကြော်ထားပါတယ်။

ယူကရိန်းကို တိုက်ခိုက်ရာမှာ တရုတ် ကြေးစားစစ်သားတွေကို မော်စကိုက ခေါ်ယူထားတယ်လို့ ယူကရိန်းက အရင်ကလည်း စွပ်စွဲထားပေမယ့် ဘေဂျင်းက ပယ်ချထားပါတယ်။

မြောက်ကိုရီးယားကလည်း ရုရှားသို့ စစ်သား ထောင်ပေါင်းများစွာ စေလွှတ်ထားပြီး လက်နက်တွေလည်း ပေးပို့ ကူညီထားပါတယ်။

အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသသို့ သွားရောက်ပြီးနောက် ရှေ့တန်း အခြေအနေနဲ့ ပတ်သက်လို့ တပ်မှူးတွေနဲ့ရော ကာကွယ်ရေးဝန်ကြီးနဲ့ပါ ဆွေးနွေးခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

မိမိတို့ တပ်ဖွဲ့ဝင်တွေဟာ တရုတ်၊ တာဂျစ်ကစ္စတန်၊ ဥဘက်ကစ္စတန်၊ ပါကစ္စတန်နဲ့ အာဖရိကနိုင်ငံတွေက ကြေးစားစစ်သားတွေကို တိုက်ခိုက်နေရပြီး မိမိတို့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ဇီလန်စကီးက ဆိုတာပါ။

ကိဗ်မြို့ရှိ တာဂျစ်ကစ္စတန်၊ ဥဘက်ကစ္စတန်နဲ့ ပါကစ္စတန်သံရုံးတွေကို ရိုက်တာ သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက် မပေးခဲ့ဘူးလို့ သိရပါတယ်။

ဇီလန်စကီးရဲ့ အခုလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ရုရှားကလည်း လူသိရှင်ကြား မှတ်ချက်ပေးတာ မရှိသေးပါဘူး။

ရုရှားက မြောက်ကိုရီးယားစစ်သားတွေဟာ သူတို့ရဲ့ မိခင်နိုင်ငံကို ကာကွယ်သလို မိမိတို့ နယ်မြေတွေကို ကာကွယ်တိုက်ခိုက်ပေးနေတယ်လို့ ရုရှားက အရင်က ပြောဆိုခဲ့ဖူးပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.