ပုလော၊ ဇူလိုင် ၃၀
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေကို စစ်ကောင်စီဘက်က ထွက်ခွာခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမအနီးက ကျေးရွာတွေနဲ့ပလမြို့အနီး ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲကြောင့် နှစ်ဖက်စလုံးက ပုလောမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ကုန်တင်ယာဉ်တွေအပါအဝင် ခရီးသည်တင်ယာဉ် ရာနဲ့ချီ ပိတ်မိနေကြတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဟာ ပုလောကနေ မြိတ်မြို့ကို စက်လှေတွေနဲ့ သွားလာဖို့ ကြိုးပမ်းမှုအပေါ် စစ်ကောင်စီဘက်က လှေပိုင်ရှင်တွေကို သွားလာခွင့်မပေးတာကြောင့် ခရီးသွားဖို့ အခက်ခဲဖြစ်နေကြတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ဌာနဆိုင်ရာအဖွဲ့စုံက ပုလောဆိပ်ကမ်းတွေကနေ ခရီးသည်တွေကို တင်ပြီးသွားခွင့်မရဘူးဆိုပြီး တားမြစ်ထားတာကြောင့် ခရီးသွားတွေအတွက် လမ်းခရီးသွားလာဖို့ အခက်တွေ့နေရပါတယ်။
ဒါပေမယ့် တချို့ခရီးသွားတွေကတော့ ကျေးရွာတွေဘက်ကနေ ငါးဖမ်းလှေ၊ ကုန်တင်လှေတွေနဲ့ ခိုးပြီး သွားလာနေသလို ပုလောကနေ မြိတ်မြို့ကို လူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းကျော် ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း ပုလောတိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ခရီးသွားတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပုလောတိုက်ပွဲတွေဟာ ဇူလိုင် ၂၉ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

