နေပြည်တော် ၊ ဇူလိုင် ၃၀
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို တိုက်စစ်ဆင်ပြီး ရရှိလာတဲ့ စစ်ကောင်စီက သေဒဏ်အထိ ချမှတ်မယ့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို ဇူလိုင် ၂၈ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။
အဲဒီဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ကောင်စီဥက္ကဌ အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ဘယ်သူမဆို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေထဲက တစ်ရပ်ရပ်ကို ဥပဒေနဲ့အညီ လွှဲပြောင်းပေးခွင့်ရှိသူရဲ့ ခွင့်ပြုချက်မရှိဘဲ အခြားတစ်ဦးဦးထံ လွှဲပြောင်းပေးခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားရင် အဲဒီလူကို ထောင်ဒဏ်တစ်သက်ဖြစ်စေ သေဒဏ်ဖြစ်စေ ချမှတ်ရမယ်လို့ ပုဒ်မ ၁၆ မှာ ဖော်ပြပါတယ်။
စစ်ဘက်ဆိုင်ရာ မဟာဗျူဟာတွေ နည်းဗျူဟာတွေ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေ လက် နက်ခဲယမ်းတွေ စက်ယန္တရားတွေ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေနဲ့ နည်းစနစ်တွေကို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေအဖြစ် ဥပဒေမှာ ထည့်သွင်းထားတာပါ။
ဒါ့အပြင် စစ်တပ်သုံးရေယာဉ်၊လေယာဉ်၊အခြားယာဉ်တွေအပါအဝင် ထုတ်လုပ်တပ်ဆင်မှုပညာရပ်တွေ သတင်းအချက်အလက်တွေ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ လျှို့ ဝှက်ချက်အဖြစ် ထုတ်ပြန်သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က အငြိမ်းစား စစ်ဗိုလ်ချုပ်တွေကနေ တပ်တွင်းသတင်းအချက်အလက်တွေ ယူလို့မရစေရေးနဲ့ စစ်ဘက်ဆိုင်ရာတွေမှာ သီးခြားတစ်စင်ထောင်လို့ မရအောင် ကြပ်လိုက်တဲ့ ဥပဒေလို့ သုံးသပ်ပါတယ်။
“စစ်တပ်ကနေ ထွက်လာမယ့် စစ်ဗိုလ်ချုပ်တွေကနေပြီးတော့ သတင်းတွေ ယူလို့မရအောင် ကာကွယ်တာပေါ့။ ပြီးရင် ဒီစစ်ဗိုလ်ချုပ်တွေကနေပဲ တခါ လုံခြုံရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေပေါ့။ စစ်ထွက်တွေ တပ်ထွက်တွေ ရဲထွက်တွေက သီးခြားတစ်စင်ထောင်လို့ မရအောင် သူတို့ကို (တပ်မ တော်) ပြန်ပြီးတော့ အံတုလာလို့မရအောင် လုပ်လိုက်တဲ့ဟာ တစ်ချက်ပါတယ်။ ပြီးတော့ စစ်တပ်က တပ်တွင်းသတင်းအချက်အလက်တွေကို ကိုးကားပြီး ဖော်ပြနေတာရှိတယ်။ ဝက်ဆိုက်တွေလုပ်တဲ့ သတင်းဌာနတွေရှိတယ်။ ဒါတွေကိုပါ ငါတို့ စစ်တပ်အကြောင်း ပြောလို့မရဘူး။ လျှိူ့ဝှက်ချက်အက်ဥပဒေဆိုပြီး လုပ်လိုက်တဲ့ အနေအထားမျိုးပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကို ထိန်သိမ်းကာကွယ်ခြင်းဟာ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဥပဒေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဥပဒေအရ အကျုံးဝင်သူတွေကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှာ တပ်မတော်အက်ဥပဒေကို လိုက်နာရသူတွေ အချိန်ပိုင်းဖြစ်စေ အမြဲတမ်းဖြစ်စေ လုပ်ကိုင်နေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအပြင် ကာကွယ်ရေးဝန်ထမ်းဟောင်းတွေလည်း ပါဝင်ပါတယ်။
ကာကွယ်ရေးဝန်ထမ်း ဒါမှမဟုတ် ကာကွယ်ရေးဝန်ထမ်းဟောင်းတွေဟာ နိုင်ငံခြားတိုင်းပြည်ရဲ့ အစိုးရမှာဖြစ်စေ စစ်ဘက်ဆိုင်ရာအဖွဲ့မှာဖြစ်စေ တာဝန်ထမ်းဆောင်ခွင့်မရှိသလို ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းနဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့အစည်းမှာလည်း လုပ်ကိုင်ခြင်း မပြုရဘူးလို့ ပြဋ္ဌာန်းထားတာပါ။
ရည်ရွယ်ချက်ကတော့ နိုင်ငံခြားတိုင်းပြည်ရဲ့ အစိုးရ ၊ စစ်ဘက်ဆိုင်ရာအဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ မဟုတ်တဲ့ အဖွဲ့အစည်းအပါအဝင် တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ အခြားလူပုဂ္ဂိုလ်တစ်ဦးဦးတို့ကို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ အသုံးပြုပြီး လေ့ကျင့်ပေးတာ၊ ဝန်ဆောင်မှုပေးတာ လုပ်ကိုင်တာနဲ့ လွှဲပြောင်းပေးခြင်းကနေ ကာကွယ်တားဆီးဖို့ပါ။
တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့အစည်းဆိုတာ နိုင်ငံအတွင်းမှာဖြစ်စေ ပြင်ပမှာဖြစ်စေ တည်ရှိပြီး နိုင်ငံရဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့အပြင် ဥပဒေနဲ့ ဖွဲ့စည်းထားတာမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ဒါဟာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ Local PDF တွေကို ဆိုလိုတာလို့ နားလည်ရပါတယ်။
အာဏာသိမ်းမှုအတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်ခဲ့ကြတဲ့ စစ်သည်တွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း ဝင်ရောက်လုပ်ကိုင်ကြတာ ရှိသလို လိုအပ်တဲ့ စစ်ရေးဆိုင်ရာနည်းပညာတွေလည်း ပံ့ပိုးနေကြတာပါ။
ဒါ့အပြင် CDM မလုပ်ဘဲ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းရှိ သတင်းအချက်အလက်တွေကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေထံ ပေးပို့နေကြတဲ့ ဖရဲသီးလို့ ခေါ်တဲ့ တပ်တွင်းသတင်းပေးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ဒီလိုမျိုး ဥပဒေ မထုတ်ပြန်ခင်ကလည်း တပ်တွင်းသတင်းပေးတွေကို ဖမ်းမိရင် နှစ်ရှည်ထောင်ဒဏ်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပေးနေတာမို့ သေဒဏ်အထိ အပြစ်ပေးမယ့် ဥပဒေထွက်လာလည်း ဘာမှ မထူးဘူးလို့ ပြောပါတယ်။
“လက်ရှိကတော့ တပ်တွင်းသတင်းပေးတွေနဲ့ ဖရဲသီးတွေကတော့ ရှေ့မှာတုန်းကလည်း ဒီဥပဒေမထုတ်ခင်တုန်းက ဖမ်းမိရင် ထောင်ဒဏ်အနှစ် ၂၀ သေဒဏ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေခံခဲ့ရတာတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ဖရဲသီးတွေကို ဆုံးရှုံးမှုတွေ ကြုံခဲ့ဖူးပါတယ်။အဲဒီတော့ တပ်တွင်းကနေ ဌာနဆိုင်ရာအမျိုးမျိုးကနေ ပေးတဲ့ သတင်းပေးကတော့ သူတို့ Risk (စွန့်စားမှုတွေ) အများကြီးယူပြီး လုပ်ရတာပါ။ဒီဥပဒေထွက်မလာခင်တုန်းကလည်း သူတို့ လုပ်တာပဲပေါ့၊ ဒီဥပဒေ ထွက်လာတော့လည်း ဘာမှတော့ မထူးပါဘူး၊ သူတို့ကတော့ လုပ်စရာရှိတာ လုပ်ရမှာပေါ့”လို့ ဆိုပါတယ်။
တစ်ဘက်မှာ ကာကွယ်ရေးဝန်ထမ်းဟောင်းတစ်ဦးဦးဟာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းအဖြစ် လုပ် ကိုင်ဆောင်ရွက်လိုရင် သတ်မှတ်ချက်တွေနဲ့အညီ ဝန်ကြီးဌာနသို့ ခွင့်ပြုချက်လျှောက်ထားရမယ်လို့ ဥပဒေမှာ ထည့်သွင်းထားပါတယ်။
ဥပဒေအာဏာမတည်မီက ကာကွယ်ရေးဝန်ထမ်းဟောင်းတစ်ဦးဦးဟာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေဆဲဖြစ်ရင် ဥပဒေအာဏာတည်တဲ့နေ့ကစပြီး ခြောက်လအတွင်း ဝန်ကြီးဌာနသို့ ခွင့်ပြုချက်လျှောက်ထားရမယ်လို့ ပြဌာန်းထားတာပါ။
စစ်သားဟောင်းတွေ ပြည်သူ့စစ်တွေနဲ့ နိုင်ငံခြားစစ်သားတွေ ပါဝင်နိုင်တဲ့ နိုင်ငံခြားနဲ့ ပြည်တွင်းကုမ္ပ ဏီတွေ လိုအပ်ရင် လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြဌာန်းထားပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

