နေပြည်တော် ၊ ဇူလိုင် ၅

ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို ပုံမှန်ဖွင့်လှစ်သွားနိုင်ရင် နိုင်ငံကာကွယ်ရေးအတွက်၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကာကွယ်ရေးစွမ်းအားတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ပိုမိုကောင်းမွန်လာမယ်လို့ ဗိုလ် ချုပ်ကြီး ကျော်စွာလင်းက ပြောပါတယ်။

ဇူလိုင် ၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်း အဝေးမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောသွားခဲ့တာပါ။

စစ်မှုထမ်းသင်တန်းသားတွေ ဆင့်ခေါ်ရာမှာ ဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်ပြီး ဝင်ရောက်လာကြသူတွေကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွေကလည်း သေချာစိစစ်ကြပ်မတ် လက်ခံသွားဖို့၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကလည်း ဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး စိစစ်ကြပ်မတ် ပေးသွားဖို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကနေ ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလတွေမှာ စစ်မှုထမ်းစာရင်းကောက်ယူမှုကို ခြောက်လဖြစ်စေ တစ်နှစ်ဖြစ်စေ ဆိုင်းငံ့ထားပေးဖို့ တက်ရောက်သူတချို့ အကြုံပြုခဲ့တာ ရှိပါတယ်။

ဒီအခြေအနေမှာ တကယ်လို့များ ရွေးကောက်ပွဲအလွန်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားနိုင်မယ်ဆိုရင် စစ်ကောင်စီအတွက် အင်အားလိုအပ်ချက်တွေကို လိုသလောက် ဖြည့်တင်းလာနိုင်ပါတယ်။

လောဆယ်မှာတော့ ဒီဇင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ လက်ရှိ တစ်နိုင်ငံလုံးအနှံ့ စစ်ရေးအခြေအနေဟာ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲဆိုတာ ယတိပြတ် ပြောလို့မရနိုင်တဲ့ အခြေအနေပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက တကယ်လို့များ ရွေးကောက် ပွဲအလွန် စစ်မှုထမ်းတွေကို ပုံမှန်ခေါ်နိုင်ရင်‌တောင်မှ စစ်ကောင်စီဟာ စစ်ရေးအရ အသာစီးပြန်ရနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“တကယ်လို့များ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအလွန်မှာ အကယ်၍များ စစ်မှုထမ်းတွေကို ဆက်တိုက် ပုံမှန်ခေါ်နိုင်တာတောင်မှ လိုအပ်တဲ့ စစ်အင်အားကို ဖြည့်တင်းပြီး တိုက်ပွဲတွေမှာ အသာစီးပြန်ရနိုင်မှာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။ အခု အပတ်စဉ် ၁၄ အထိ အရေအတွက်အရ ၇ သောင်းလောက် စစ်မှုထမ်းဥပဒေအရ မိမိတို့ စိတ်ဆန္ဒမပါဘဲ အတင်းစစ်မှုထမ်းခံခဲ့ရတဲ့အတွက် တိုက်ခိုက်ရေးအရည်အသွေးတွေ တိုးတက်လာတာ မရှိဘူး” လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကလည်း ဥပဒေအရ အသက်သတ်မှတ်ချက်နဲ့ အကျုံးဝင်သူတွေ အနေနဲ့ သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ်နေတယ်လို့ ပြောပါတယ်။

ဒီကနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၁ အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေတယ်လို့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဗဟိုအဖွဲ့အနေနဲ့ စာရင်းဇယားမှန်ကန်ရေးနဲ့ ရေရှည်မှာ မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရေးအတွက် ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Infor-mation Management System-NSIMS) ကို အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။

ဒါကို ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနဲ့ အချက်အလက် မှတ်တမ်းတင်ခြင်း အထောက်အ ကူပြုအလုပ်အဖွဲ့က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး လုပ်ဆောင်မှုဟာ စစ်မှုထမ်းအကျုံးဝင်သူတိုင်းရဲ့ ကိုယ်ရေးအချက်အလက်ကို ဘယ်နေရာမဆို စနစ်တစ်ခုထဲကနေ အလွယ်တကူ ရှာဖွေနိုင်တဲ့သဘောမျိုးပါ။

ဒါ့အပြင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက တင်ပြလာတဲ့ ကင်းလွတ်၊လျှော့ပေါ့၊ရွှေ့ဆိုင်းခွင့်တွေနဲ့ပတ်သက်လို့ ဗဟိုအဖွဲ့အနေနဲ့ စိစစ်ခွင့်ပြုပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဲဒီလို ရွှေ့ဆိုင်းခွင့်ပြုခဲ့သူတွေကို သက်ဆိုင်ရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ စနစ်တကျ မှတ်တမ်းရေးသွင်းပြီး ပြန်လည်ဆင့်ခေါ်ရမယ့်အချိန်မှာ ရာနှုန်းပြည့် ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားကတော့ စစ်ကောင်စီဟာ နေရာအနှံ့မှာ နယ်မြေဆုံးရှုံးမှုတွေ ရှိနေတာကြောင့် စစ်သည်အင်အား ပြန်လည်ဖြည့်တင်းဖို့ စစ်မှုထမ်းသင်းတန်တွေ ဆင့်ခေါ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိအချိန်မှာကတော့ စစ်ကောင်စီက နေရာအနှံ့မှာ နယ်မြေဆုံးရှုံးမှုတွေ ရှိတယ်။ နောက်ပြီး နယ်မြေဆုံးရှုံးမှုထဲကနေ ပြန်ရအောင် ထိုးစစ်ဆင်တာရှိတယ်။ နောက်အခြားတစ်ဘက်မှာ အသေအပျောက်အရမ်းများတယ်၊ တပ်ပြေးတွေ အရမ်းများတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီစစ်အင်အားကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်တာ တစ်ခုပေါ့”လို့ ဆိုပါတယ်။

တစ်ဘက်မှာ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီး‌တွေကို ပြန်ကာကွယ်နိုင်ဖို့နဲ့ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အားလိုအပ်တဲ့အတွက် ပုံစံအမျိုးမျိုး စုဆောင်းနိုင်တယ်လို့ ဦးဗညားက ထောက်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးကတော့ လက်ရှိအချိန်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) ခု တက်ရောက်လေ့ကျင့်ပေးနေပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီသူတွေကို အရေးယူဆောင်ရွက်နေတယ်လို့ အသိပေးထားတာပါ။

အလားတူ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် မမှန်မကန်တိုင်ကြားမှုတွေ၊ လုပ်ကြံဝါဒဖြန့်တာတွေကိုလည်း ဖော်ထုတ်အရေးယူနေသလို ငွေကြေးမသမာမှု မရှိစေရေး၊ အဂတိမဖြစ်ပေါ်စေရေး၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးဖို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.