စဉ့်ကူး၊ ဇူလိုင် ၄

နိုင်ငံတဝန်းမှာ အခုနှစ် ခြောက်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၃၃၃ ဦးသေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ပညာရေးကဏ္ဍက ဆရာဆရာမနဲ့ ကျောင်းသူစုစုပေါင်း ၃၅ ဦး ပါဝင်ပြီး သေဆုံးသူတွေအနက် စစ်ကိုင်းတိုင်းမှာ ၁၀၄ ဦး သေဆုံးသူ အများဆုံးဖြစ်ပြီး သေဆုံးသူ ၂၅၉ ဦးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန် ၂၉ ရက်နေ့ကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာအုပ်စုရှိ ပြည်စိုးအောင်ရပ်ကွက်ကို တံတားဦးလေတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မခင်မျိုးဆန် ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.