နယူးယောက်၊ ဇူလိုင် ၃

မြန်မာနိုင်ငံမှာ စစ်ကောင်စီ ဖိနှိပ်နေတဲ့ကြားက သတ္တိရှိရှိနဲ့ ဆက်လက် အလုပ်လုပ်နေကြတဲ့ မီဒီယာသမားတွေ မရှိတော့ရင် ပြည်တွင်းစစ် အခြေအနေတွေဟာ အမေ့လျော့ခံ ဖြစ်သွားနိုင်ကြောင်းနဲ့ နိုင်ငံအများက မြန်မာ့မီဒီယာကို ထောက်ပံ့ကူညီဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးက ပြောလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတဝှမ်း ထောင်ချခံထားရတဲ့ သတင်းမီဒီယာသမား ၆၀ ထက် မနည်းရှိနေပြီး အများစုဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံရတာ ဖြစ်ပါတယ်။

မြန်မာ့မီဒီယာလောကအတွက် အမေရိကန်ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုက အသက်သွေးကြောလို ဖြစ်နေပြီး ဒေါ်နယ်ထရန့် အစိုးရရဲ့ ရန်ပုံငွေ ရပ်ဆိုင်းမှုက သတင်းမီဒီယာသမားတွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ကြီးမားလွန်းတဲ့ ထိုးနှက်ချက် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတဲ့ RFA နဲ့ VOA သတင်းဌာနတို့ကို ပိတ်သိမ်းခိုင်းထားပါတယ်။

ဘဏ္ဍာရေး အထောက်အပံ့ မရှိဘဲ သတင်းသမားတွေနဲ့ မီဒီယာ လုပ်သားတွေဟာ သူတို့ရဲ့ အရေးကြီးတဲ့ အလုပ်တွေကို ဆက်လက် လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေအပေါ် တိုက်ခိုက်မှုကို နိုင်ငံအများက ဆက်လက် ပြစ်တင်ရှုတ်ချရမှာ ဖြစ်ပြီး မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်ပေးရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုတွေကို ဖော်ပြဖို့ ဓာတ်ပုံရိုက်သူတွေ၊ တိုက်ပွဲ အခြေအနေကို သတင်းဖော်ပြဖို့ ကြိုးပမ်းနေတဲ့ သတင်းသမားတွေ ဖမ်းဆီးခံနေရပြီး သတင်းသမား အများစုက ထိုင်းနယ်စပ်ဆီ ပြောင်းရွှေ့သွားခဲ့ကြပါတယ်။

မီဒီယာ လွတ်လပ်ခွင့်ကို စစ်တပ်က ပြင်းပြင်းထန်ထန် တားမြစ်နေပြီး ဝါဒဖြန့်ချိရေးအတွက် နိုင်ငံပိုင် မီဒီယာကို အသုံးချနေတာ ဖြစ်ပါတယ်။

Ref:Article19

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.