ဝါရှင်တန်၊ ဇွန် ၁၈

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မိမိတို့ရဲ့ သည်းခံနိုင်မှု လျော့နည်းလာနေတာကြောင့် အီရန်အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ သတိပေးလိုက်ပါတယ်။

ဒါပေမဲ့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို ရှင်းလင်း သုတ်သင်ဖို့ မိမိတို့မှာ အစီအစဉ် မရှိကြောင်းနဲ့ အနည်းဆုံး လောလောဆယ် သုတ်သင်ဖို့ အစီအစဉ်မရှိဘူးလို့ ထရန့်ကပြောပါတယ်။

တီဟီရန်ရှိ ယူရေနီယံ သိုလှောင်ရေး စက်ဒလက် စက်ရုံနဲ့ လက်နက် စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပြီး နှစ်နိုင်ငံ အပြန်အလှန် လေကြောင်း တိုက်ခိုက်မှုတွေ ခြောက်ရက်မြောက်နေ့သို့ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

အစ္စရေးက စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က လက်စားချေ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပေမယ့် အစ္စရေးရဲ့ တိုက်ခိုက်မှုလောက် မပြင်းထန်ဘူးလို့ ဆိုပါတယ်။

အီရန်ရှိ မြေအောက် နျူကလီးယား စက်ရုံတွေကို အစ္စရေးက တိုက်ခိုက်ရာမှာ အမေရိကန်လည်း ပါဝင်ဖို့ စဉ်းစားနေတယ်လို့ CBS News သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီအတောအတွင်း ရုရှားက အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ တရားမဝင်ဘူးလို့ ပြောထားပါတယ်။

တရုတ်ရဲ့ ထောက်ပံ့ရေး လေယာဉ်တစ်စီးလည်း အီရန်သို့ ရောက်ရှိနေတယ်လို့ သတင်းထွက်ပေါ် နေတာကြောင့် အခြေအနေတွေ ထပ်ပြီး ရှုပ်ထွေးလာနိုင်ပါတယ်။

အစ္စရေး-အီရန် ပဋိပက္ခနဲ့ ပတ်သက်လို့ ထရန့်က ဘယ်လို ဆက်လုပ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး ဂျီ-၇ အဖွဲ့ သံတမန်တွေ စဉ်းစားမရအောင် ဖြစ်နေတယ်လို့ သိရပါတယ်။

အီရန်ခေါင်းဆောင် ခါမေနီကတော့ အစ္စရေးနဲ့ လုံးဝ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ပြောထားပြီး အစ္စရေးကို လုံးဝ သက်ညှာနေမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။

အစ္စလာမ်မစ်နိုင်ငံတွေ စုပေါင်းပြီး အစ္စရေးကို ချေမှုန်းဖို့လည်း အီရန်က တိုက်တွန်း ပြောဆိုထားပါတယ်။

ဥရောပမှာတော့ သဘောထား ကွဲလွဲနေပြီး အီရန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် မလုပ်ဖို့ ပြင်သစ်က တိုက်တွန်းထားချိန်မှာ ညစ်ပတ်တဲ့ အလုပ်ကို လုပ်ပေးတဲ့အတွက် အစ္စရေးကို ကျေးဇူးတင်ကြောင်း ဂျာမနီက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.