ဘားအံထောင်မှာ ထောင်ဝင်စာ ပါဆယ်ပစ္စည်းပို့သူတချို့ ဖမ်းဆီးငွေညှစ်ခံနေရ

ဘားအံ၊ ဇွန် ၁၈

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ အကျဉ်းသားတွေအတွက် ထောင်ဝင်စာ ပါဆယ်ပစ္စည်း ပို့ဆောင်သူတချို့ ဖမ်းဆီးငွေညှစ်ခံနေရတယ်လို့ ထောင်ဝန်ထမ်းတွေနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ထောင်ဝင်ပါဆယ်ပစ္စည်းတွေမှာ ကန့်သတ်ပစ္စည်း ပါဝင်တာ၊ မူးယစ်ဆေးဝါးတွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။

အဲဒီလို ငွေညှစ်ခံရတဲ့သူတွေထဲမှာ မိသားစုဝင်တွေအပါအဝင် တဆင့်ခံ ပါဆယ်ပစ္စည်း ပို့ဆောင်ပေးတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးငွေညှစ်ခံရတဲ့သူတွေကိုတော့ ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ငွေကျပ် သိန်းဂဏန်းကနေ သိန်းဆယ်နဲ့ချီ တောင်းခံတာတွေ ရှိနေတယ်လို့ ထောင်ဝန်ထမ်းတွေနဲ့နီးစပ်သူတွေက ပြောကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီရဲ့ ထောင်ဝန်ထမ်းတွေဟာ အကျဉ်းသား မိသားစုဝင်တွေရဲ့ ဧည့်တွေ့ခွင့်အပါအဝင် ပါဆယ်ပစ္စည်း ပေးပို့မှုကအစ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရ စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတရာဖမ်းဆီးခံရသူ ၂၉၀၀၀ ကျော် ရှိနေပြီး အဲဒီထဲမှာ ၂၂၀၀၀ ကျော်ဟာ ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.