ကျိုက်ထို၊ ဇွန် ၁၆
မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၄၄ စစ်ဌာနချုပ်ကနေ တိုက်ပွဲမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာကို လက်နက်ကြီး ရှစ်လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဇီးကုန်းကျေးရွာနေ အသက် ၅၃ နှစ်အရွယ် ဒေါ်အေးစန်းဟာ ပေါင်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီအချိန်ခန့်မှာလည်း ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာထဲကို လက်နက်ကြီး နှစ်လုံး ထပ်မံပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကြောင့် အလူးကြီးကျေးရွာနေ အသက် ၃၀ အရွယ် မဝါဝါဦးဟာ ပေါင်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ အရပ်သားပြည်သူတွေကို တမင်သက်သက် ရည်ရွယ်တိုက်ခိုက်မှု ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်ခံရတဲ့ အဲဒီကျေးရွာ နှစ်ရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေက ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

