အောက်စဖို့ဒ်၊ ဇွန် ၁၄
အင်္ဂလန်နိုင်ငံရှိ ဘယ်လင်နန်နန်းတော် အနုပညာပြခန်း တစ်ခုကနေ စတာလင်ပေါင် ၄ ဒသမ ၈ သန်းတန်ဖိုးရှိ ရွှေအိမ်သာ ခိုးယူသူ နှစ်ဦးကိုထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလက အဲဒီ နန်းတော်ကြီးမှာ တစ်ခန်းတစ်နား ကျင်းပတဲ့ နေ့လယ်စာ စားပွဲပြီးနောက် နာရီပိုင်းအကြာမှာ အဲဒီအမျိုးသားနှစ်ဦးက ၁၈ ကာရက်လေးတဲ့ ရွှေအိမ်သာကို ဖြုတ်ပြီး ခိုးယူထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ဂျိမ်းစ် ဂျင်မီ ရှိန်းက ဖောက်ထွင်းမှု၊ ခိုးရာပါ ပစ္စည်း လွှဲပြောင်းပို့ဆောင်မှု၊ ခိုးယူဖို့ လျှို့ဝှက် ပူးပေါင်းကြံစည်မှုတို့ အတွက် အပြစ်ရှိကြောင်း ၂၀၂၄ ခုနှစ်မှာ ထွက်ဆိုခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ် မိုက်ကယ် ဂျိမ်းစ်ကတော့ ဖောက်ထွင်းမှု အတွက် အပြစ်ရှိကြောင်း မတ်လက ထွက်ဆိုခဲ့ပါတယ်။
အောက်စဖို့ဒ်သားတွေဖြစ်တဲ့ အဲဒီအမျိုးသားတွေဟာ ထောင်ဒဏ် ၄ နှစ်၊ နှစ်နှစ်နဲ့ သုံးလစီ အသီးသီး ချမှတ်ခံခဲ့ရပါတယ်။
ဇွန် ၁၃ ရက်က အမိန့်ချမှတ်ချိန်မှာ အောက်စဖို့ တော်ဝင်တရားရုံး တရားသူကြီး အီရန် ပင်ဂယ်က တရားခံတွေဟာ ၅ မိနစ်ခွဲ မကြာတဲ့ အချိန်အတွင်းမှာ ပြောင်ပြောင်တင်းတင်း ခိုးယူသွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရှိန်းဟာ အဓိက တရားခံ ဖြစ်ပြီး ရာဇဝတ်ကောင်အဖြစ် အသက်မွေးနေသူ ဖြစ်သလို ရွှေအိမ်သာကို ဖောက်ထွင်းခိုးယူမှုနဲ့ ရောင်းချမှု နှစ်မှု လုံးအတွက် ပြစ်မှုထင်ရှားသူ ဖြစ်ပါတယ်။
ခိုးယူပြီး သီတင်းနှစ်ပတ်အတွင်းမှာ ရှိန်းက ရွှေကီလို ၂၀ ရောင်းချခဲ့ပြီး အဲဒါဟာ အိမ်သာရဲ့ စုစုပေါင်း အလေးချိန်ရဲ့ ငါးပုံတစ်ပုံ ရှိတဲ့ ပမာဏ ဖြစ်ပါတယ်။
အဲဒီရွှေတွေကို ဘာမင်ဂန်က အမည်မသိရသူ တစ်ဦးက ပေါင် ၅၂၀၀၀၀ နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ရှိန်းဟာ ၂၀၀၅ နောက်ပိုင်း ထောင် ၆ ကြိမ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ရာဇဝတ်ဂိုဏ်းတွေကို ဦးဆောင်ပြီး လိမ်လည်မှု ခိုးယူမှုတွေကနေတစ်ဆင့် ပေါင် ၅ သန်းကျော် ရရှိခဲ့ပြီး အဲဒီ ငွေတွေကို ပြန်ရဖို့ အရာရှိတွေ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
ရှိန်းအတွက် အလုပ်လုပ်ပေးနေတဲ့ ဂျုံးစ်ဟာလည်း ရာဇဝတ်မှု ကျူးလွန်ဖူးသူ ဖြစ်တယ်လို့ သိရပါတယ်။
ခိုးမှု ဖြစ်ပွားပြီး တစ်လကျော်အကြာ ၂၀၁၉ အောက်တိုဘာက ရှိန်းနဲ့ ဂျုံးစ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် လေးနှစ်ကြာတဲ့အထိ ဘာစွဲချက်မှ အတင်မခံခဲ့ရပါဘူး။
ရွှေအိမ်သာခိုးယူသွားသူတွေကို မူခင်းနည်းပညာနဲ့ ဖော်ထုတ်ဖို့ အချိန်ယူခဲ့ရပြီး ကမ္ဘာ့ကပ်ရောဂါကြောင့် စုံစမ်း စစ်ဆေးမှုတွေ အချိန်အများကြီး ကြာသွားခဲ့တာ ဖြစ်ပါတယ်။
Ref:BBC