ဖာပွန်၊ သြဂုတ် ၉

KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ထားတဲ့ ဖာပွန်မြို့အနီးရှိ ဗျူဟာနဲ့ တပ် ရင်းစခန်းတွေထံ စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကူပို့လို့မရတဲ့အတွက် လေကြောင်းအသုံး ပြုတိုက်ခိုက်တာနဲ့ စားနပ်ရိက္ခာပစ္စည်းတွေ လာချပေးနေတယ်လို့ KNU တပ်မဟာ ၅ ဆီကနေ သိရပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့အနီး တောင်ဘက်ခြမ်း ဝှေနောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာနဲ့ ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ် မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝိုင်းရံပိတ်ဆို့ထားတာပါ။

ဖာပွန်မြို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တည်းက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် မြို့တောင်ဘက်ခြမ်း ဝှေနောင်၊ တံခွန်တိုင်၊ မဲသလွတ်ဘက်မှာရှိတဲ့ ဖာပွန်အခြေချ စစ်ဗျူဟာနဲ့ ခမရ ၄၃၄၊ ခမရ ၃၄၀၊ ခမရ ၃၄၁၊ စစန ၆၄၂၊ ခလရ ၁၉ တပ်ရင်းတို့ကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ခလရ ၁၉၊ ခမရ ၄၃၄၊ စစန ၆၄၂ တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခမရ ၃၄၁၊ ခမရ ၃၄၀ တပ်ရင်းတို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆက်လက်ဝိုင်းဝန်းပိတ်ဆို့ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဗျူဟာတပ်စခန်း မကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ အ ပြင်းအထန် ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်နဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် စစ်ကောင်စီတပ်က ပြည်သူနေထိုင်ရာ ကျေးရွာ လယ်ယာ ကိုင်းတွေထဲကို လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်လျှက်ရှိတယ်လို့လည်း တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.