ပုလော၊ ဩဂုတ် ၉
တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။
တပ်အင်အား ၂၀ ဝန်းကျင်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီတွေ ပူးပေါင်းတပ်စွဲထားတဲ့ မီး လောင်ချောင်းကျေးရွာ တပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မနက်အစောပိုင်းမှာ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေရဲ့ ဝင်ရောက်ထိုးစစ် တိုက်ခိုက်မှုကြောင့် အချိန် ၂ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး မျက်မြင်သေဆုံးခဲ့သလို ဆက်လက်မခုခံနိုင်တော့တဲ့အတွက် စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ် ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ကျေးရွာအတွင်းရှိ စစ်တပ်ခံစစ်နေရာတွေနဲ့ စာသင်ကျောင်းအတွင်း တည်ဆောက်ထားတဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပူး ပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ မီးလောင်ချောင်းကျေးရွာက အရပ်သားပြည်သူတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း မီးလောင်ချောင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး လက်နက် ကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ ပုလောအခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းကနေ တပ်အင်အား ၃၀ ဝန်းကျင် ရောက်ရှိလာပြီး မီးလောင်ချောင်းတပ်စခန်းမှာ ပြန်လည်တပ်စွဲထားတယ်လို့ တော်လှန်ရေးအင် အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ က ရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း (၇)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းစစ်ကြောင်းတို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ကလည်း ပလမြို့မရဲစခန်းနဲ့ ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

