အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာ ကင်းထောက်လှမ်းမှုကို အရှိန်မြှင့်ပြုလုပ်နေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်

ဆိုးလ်၊ မေ ၂၇

အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာ ကင်းထောက်လှမ်းမှုကို အရှိန်မြှင့်ပြုလုပ်နေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပြီး အချုပ်အခြာအာဏာနဲ့ လုံခြုံရေး ချိုးဖောက်ခံရပါက အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

အမေရိကန်က သူတို့ရဲ့ RC-135 အမျိုးအစားလေယာဉ်နဲ့ မဟာဗျူဟာကင်းထောက်လေယာဉ် U-2S၊ RQ-4B ဒရုန်းတို့နဲ့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ မေ ၁၃ ရက်နဲ့ ၂၄ ရက်ကြားမှာ ၁၆ ကြိမ်ထက်မနည်းပျံသန်း ထောက်လှမ်းခဲ့တယ်လို့ မြောက်ကိုရီးယားလက်ထောက် ကာကွယ်ရေး ဝန်ကြီး ကင်ဂန်အီရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက မေ ၂၆ ရက်မှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေကလည်း ကင်းလှည့်တာတွေ အရှိန်မြှင့်ပြုလုပ်ပြီး ရေပြင်နယ်စပ်ကို ချိုးဖောက် ဝင်ရောက်ပြီးတော့ စစ်ရေးတင်းမာအောင် လုပ်ဆောင်နေတယ်လို့လည်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

တောင်ကိုရီးယားက မိုးပျံဘောလုံးနဲ့ ပေးပို့လိုက်တဲ့ ဝါဒဖြန့် စာစောင်တွေနဲ့ ပတ်သက်လို့လည်း လက်ထောက်ဝန်ကြီး ကင်ဂန်အီက ပြစ်တင် ရှုတ်ချပြီး အန္တရာယ်ဖြစ်စေတဲ့ ရန်စမှုဖြစ်တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားမှာရှိတဲ့ မြောက်ကိုရီးယားပြည်ပြေးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြုံးယမ်းဆန့်ကျင်ရေး စာရွက်စာတမ်းတွေကို မကြာခဏ ဆိုသလို မိုးပျံဘောလုံးတွေနဲ့ မြောက်ကိုရီးယားဆီ ပို့ဆောင်လေ့ ရှိပါတယ်။

ဒီလို ပေးပို့ရာမှာ အစားအစာတွေ ဆေးဝါးတွေ ရေဒီယို အသေးစားလေးတွေ တောင်ကိုရီးယားသတင်းတွေနဲ့ ဒရာမာ ဇာတ်လမ်းတွေ ပါဝင်တဲ့ မန်မိုရီစတစ်ခ်တွေလည်း ပါဝင်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ချိုးဖောက်မှုဖြစ်ပြီး လက်တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.