မြစ်ကြီးနား၊ မေ ၂၇

ကချင်ပြည်နယ် မြစ်ကြီနားအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး နိုင်ငံအကျဉ်သားအပါအဝင် အကျဉ်းသား ၁၃ ဦးဟာ ထပ်တိုးထောင်ဒဏ် သုံးနှစ်ခွဲစီ ချမှတ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီ ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူမရှိတဲ့အပေါ် တောင်းဆိုရာမှ မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်တွင်း ဆန္ဒပြပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီဆန္ဒပြပွဲကို ရပ်တန့်ဖို့အတွက် အကျဉ်းထောင်အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ထောင်တွင်းဆန္ဒပြပွဲအပြီး ၁၁ ရက်အကြာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ထောင်တွင်းဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၃ ဦးအား ထောင်ပြင်ပ မြို့နယ်တရားရုံးကို တိတ်တဆိတ် ခေါ်ထုတ်ပြီး ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁)၊ ၆၆(ဃ) တို့နဲ့ ထောင်ဒဏ် ၃ နှစ် ၆ လ နဲ့ ထောင်တွင်း တိုက်ပိတ် ပြစ်ဒဏ်တွေပါ ချမှတ်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “စွပ်စွဲထားတဲ့ ပုဒ်မတွေက ဘာမှ သက်ဆိုင်ခြင်းမရှိတဲ့ ပုဒ်မတွေနဲ့ ဆွဲဆိုထားခြင်းဖြစ်တယ်။ တရားသူကြီးတွေကလည်း စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာန အလိုကျ သေချာစိစစ်ခြင်းမရှိဘဲ လူမသိသူမသိ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် ထောင်တွင်း ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၃ ဦးဟာ ထပ်တိုးထောင်ဒဏ်နဲ့ တိုက်ပိတ်ပြစ်ဒဏ်တွေပါ ချမှတ်ခံထားရတဲ့အပြင် မိသားစုဝင်တွေရဲ့ ပါဆယ်ပို့ဆောင်ခွင့်တွေကိုလည်းပိတ်ပင်ခံထားရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ထောင်းတွင်းအကြမ်းဖက် ဖြိုခွင်းမှုမှာ ပါဝင်တဲ့ အဓိက အမိန့်ပေးခိုင်းစေတဲ့ ညွှန်ကြားရေးမှူး ဦးကျော်စိုးအပြင် ပူးပေါင်းပါဝင်သူနဲ့ကျူးလွန်သူတွေကို စစ်ကောင်စီအနေနဲ့ အပြစ်ပေးအရေးယူတာတွေ မရှိတဲ့အပြင် အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ တာဝန်ခံအသစ်တွေ အစားထိုးထားပြီး ထောင်ပိုင်မှူး လှမျိုးအောင်နဲ့ ထောင်ပိုင်လေး ဇေယျာလင်းတို့ ဦးဆောင် အုပ်ချုပ်နေပြီး ထောင်ပိုင်လေး ဇေယျာလင်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး အကျဉ်းသားတွေကို ဆဲဆိုဖိနှိပ်ထားတယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM အနေနဲ့ ပြည်သူတင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာချိန်မှာ နစ်နာခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု ပြန်လည်ရရှိအောင် ကြိုးစားသွားမှာဖြစ်ပြီး လက်ရှိတာဝန်ယူနေတဲ့ ထောင်အာဏာပိုင်တွေကိုလည်း အမြဲစောင့်ကြည့်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.