သထုံ၊ မေ ၂၇

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဒီနေ့ မနက်အစောပိုင်းမှာ မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာကြောင့် အဆောက်အဦပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီနေ့ မေ ၂၇ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်မှာ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

“မနက်အစောပိုင်းမှာ ပေါက်ကွဲသံကြားလိုက်တာ နောက်မှစုံစမ်းကြည့်တော့ နန်းခဲအုပ်ကြီးရုံး မိုင်းခွဲခံရတာလို့ သိရတယ်။ ရုံးကတော့ တော်တော်ပျက်စီးသွားတယ်။ ဘေးအိမ်တွေလည်း ထိတာရှိတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းခွဲခံရတာကြောင့် ရုံးအဆောက်အဦတစ်ခုလုံး ပျက်စီးမှုတွေ ရှိနေပြီး ရုံးအရှေ့ က နေအိမ်နှစ်လုံးမှာလည်း မျက်နှာကြက်၊ မှန်တံခါးတွေနဲ့အမိုးတွေပျက်စီးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ၃ ကြိမ်မိုင်းခွဲခံရဖူးပြီး အခုအကြိမ်ဟာ ပျက်စီးမှုအများဆုံး ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.