ဘူးသီးတောင်၊ မေ ၂၅

ရက္ခိုင့်တပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အား အကူအညီပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မေ ၂၄ ရက်နေ့မှာ AA က တိုက်တွန်းလိုက်ပါတယ်။

AA ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်း ဝန်း ကျင်ရှိပြီး အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းဟာ မူဆလင်ဖြစ်ကာ ရခိုင်နဲ့ အခြားလူနည်းစုမှာ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ဆန်၊ ဆီ၊ ဆားအပါအဝင် အခြေခံအစားအစာတွေနဲ့ ကောင်းမွန်စွာ စောင့်ရှောက်ထားပေမယ့် လာမယ့်မိုးတွင်းကာလအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊အိမ်သာအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကအစ လိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် လိုအပ်နေတဲ့ အကူအညီတွေကို နိုင်ငံတကာ အဖွဲ့အစည်း၊ စေတနာရှင်အဖွဲ့အစည်းနဲ့ NGO အဖွဲ့အစည်းတွေမှ ကူညီပေးကြဖို့ AA က တိုက်တွန်းထားပါတယ်။

ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် တိုက်ပွဲနဲ့ နီးကပ်တဲ့ မြို့ ရွာတွေမှ ပြည်သူတွေဟာ အသက်အန္တရယ် ဘေးကင်းလုံခြုံရေးနဲ့ တိုက်ပွဲအတွင်း ကြားညှပ်မသွားစေဖို့ ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ဘေးရှောင်လာကြတာ ဖြစ်ပါတယ်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဟာလည်း စစ်ဘေးရှောင်အဖြစ် ရောက်လာကြတဲ့ ပြည်သူတွေကို တန်ဖိုးထားပြီး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ကူညီကာကွယ် စောင့်ရှောက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း ရက္ခိုင်တပ်တော် AA ဟာ ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ဒေသက မြို့ ၁၀ မြို့နယ်ကို သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.