ညောင်လေးပင်၊ မေ ၂၅

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကြင်ခါးကုန်းကျေးရွာထဲကို စစ်ကောင် စီရဲ့ ခမရ ၃၀၇ တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၆၆ နှစ်အရွယ် ဦးလှသန်း လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၂၁ ရက်နေ့ကလည်း မုန်းမြို့နယ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းကနေ အင်းဗလာကျေးရွာထဲ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၇ နှစ်အရွယ် ဒေါအုန်းကြည် လက်နက် ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ နေ့စဉ်နဲ့အမျှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မကြာခဏဆိုသလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း ညောင်လေးပင်ခရိုင်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.