ဘီးလင်း၊ မေ ၂၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတား မိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မစောတံတားဟာ ဒီနေ့ မေ ၂၃ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် အရှည်ပေ ၁၀၀ ကျော် အကျယ် ၂၄ ပေရှိ တံတားတစ်စင်းလုံး သွားလာလို့မရတဲ့အထိ ပြိုကျပျက်စီးသွားတာပါ။

“တံတားကတော့ လုံးဝသုံးမရတော့ဘူး။ ဆိုင်ကယ်တွေလည်း တံတားအောက်ပြုတ်ကျကုန်လို့ လူသေဆုံးဒဏ်ရာရတာတွေရှိတယ်။ ကယ်ဆယ်ရေးတွေ လုပ်တုန်းပဲ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တံတားပြိုကျပျက်စီးမှုအတွင်း ဆိုင်ကယ်စီးနင်းလာတဲ့ ခရီးသွားပြည်သူ ၄ ဦး တံတားအောက်ပြုတ်ကျသွားတဲ့အတွက် ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မစောတံတား မိုင်းခွဲခံရတာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကုန်တင်ယာဉ်တွေအပါအဝင် ခရီးသွားကား ရာနဲ့ချီ ထပ်မံပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မစောတံတား မိုင်းခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ၊ KNU အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းပေါ်က ကျုံအိတ်တံတားမိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားတဲ့အတွက် ကုန်စည်တင်ပို့မှုတွေအပါအဝင် သွားရေးလာရေးကအစ အခက်ကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.