တိုင်ပေ၊ မေ ၂၃

ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအနီး တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှုတွေဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ခွဲထွက်ရေးသမား ပြဿနာကောင်လို့ ဘေဂျင်းကသတ်မှတ်ထားတဲ့ ဝီလီယံလိုင်က ထိုင်ဝမ်သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး သုံးရက် အကြာမှာ တရုတ်က ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ခွဲထွက်ဖို့ ကြိုးပမ်းမှုအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်ခတ်မှုဖြစ်တယ်လို့ တရုတ် စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်ဝမ်စစ်တပ်က မိမိတို့ အချုပ်အခြာအာဏာကို ကာကွယ်ရေး ရေတပ် ကြည်းတပ်နဲ့ လေတပ်ကို စေလွှတ်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

တရုတ်စစ်တပ်က အဓိကပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက်နိုင်ရေး ရေပြင်နဲ့ဝေဟင် တိုက်ခိုက်ရေး အသင့်ရှိမှုနဲ့ ကင်းထောက်လှမ်းမှုတို့ အတွက် စစ်ရေးလေ့ကျင့်တာလို့ ပြောပါတယ်။

တရုတ်စစ်တပ်က ထုတ်ပြန်ထားတဲ့ မြေပုံတွေအရ ထိုင်ဝမ်ရဲ့ အပြင်ဖက် ကျွန်းတွေဟာ တရုတ်ရဲ့ ပထမဆုံးပစ်မှတ် ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကို အင်အား အပြည့်နဲ့ ကျူးကျော်ရေး ကြိုတင်ပြင်ဆင်မှုဖြစ်တယ်လို့ ထိုင်ဝမ်မီဒီယာတွေက စစ်ရေးကျွမ်းကျင်သူတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လက အမေရိကန်လွှတ်တော် ဥက္ကဌ နန်စီပီလိုစီရဲ့ ခရီးစဉ်အပြီး ထိုင်ဝမ်တဝိုက် ငါးနေရာထက် မနည်းမှာ တရုတ်က လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်က တရုတ်တစ်ပြည်ထောင်တည်း မူဝါဒအရ ထိုင်ဝမ်ကို သူတို့ ပိုင်တယ်လို့ ပြောဆိုထားပြီး ပြန်လည်ပေါင်းစည်းရေး လိုအပ်ပါက စစ်အင်အားသုံးမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ထိုင်ဝမ်သမ္မတသစ် ဝီလီယမ် လိုင်က ဘေဂျင်းနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောပေမယ့် မိမိတို့ကို ရန်စနေတာတွေ ရပ်တန့်ဖို့လည်းတိုက်တွန်းထားပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မစ္စတာ လိုင်ရဲ့ ပြောဆိုမှုတွေဟာ ကျက်သရေမရှိဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.