တရုတ်က ဆိုးဆိုးရွားရွား သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင် ပြော

0
22

မနီလာ၊ မေ ၁၀

တောင်တရုတ်ပင်လယ်မှာ တင်းမာမှု လျှော့ချရေး ဖိလစ်ပိုင်ရေတပ် ဒုဗိုလ်ချုပ် တစ်ယောက်က တရုတ်နဲ့ သဘောတူထားကြောင်း ပြည်တွင်း သတင်းစာတစ်ခုက ဖော်ပြခဲ့ပြီးနောက် ဘေဂျင်းအစိုးရဟာ ဆိုးဆိုးရွားရွား သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင် စစ်ဖက်ဆိုင်ရာ အကြီးအကဲက ပြောကြားပါတယ်။

အငြင်းပွားနေတဲ့ ရေအောက်သောင်ပြင်က စစ်သားတွေဆီ ထောက်ပံ့ရေး သင်္ဘောတွေလာရောက်မယ်ဆိုရင် သင်္ဘောအစီးရေ လျှော့သုံးရေးနဲ့ တရုတ်ကို ကြိုတင်အကြောင်းကြားရေး တရုတ်ရဲ့ အဆိုပြုချက်ကို ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ် တစ်ယောက်က သဘောတူထားကြောင်း The Manila Times က ဖော်ပြခဲ့ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ်တို့ကြား စကားပြောဆိုမှုကို အဲဒီ သတင်းဌာနက စာသားနဲ့ ရေးသား ဖော်ပြခဲ့တာဖြစ်ပြီး အတည်မပြုနိုင်သေးဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက နှစ်ဖက်ကြား အဲဒီလိုပြောဆိုခဲ့ကြတာ ဖြစ်ပြီး The Manila Times သတင်းဌာနက သူတို့ ဖော်ပြတဲ့ စာသားတွေကို တရုတ် အရာရှိတစ်ယောက်က ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်း ထွက်ပေါ်လာပြီးနောက် တရုတ်က ဆိုးဆိုးရွားရွား သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဖိလစ်ပိုင် စစ်ဖက်ဆိုင်ရာ အကြီးအကဲ ရိုမီယို ဘရောနာက ကြေညာချက် တစ်ရပ်မှာ ပြောဆိုထားပါတယ်။

စာသားတွေကို ပြင်ဆင်ရေးသားလို့ရပြီး အသံဖိုင်တွေကိုလည်း နည်းပညာနဲ့ ဖန်တီးလို့ရတာကြောင့် တရုတ်ကမ်းခြေစောင့်တပ်က သူတို့ရဲ့ ရန်လိုမှုကနေ အာရုံလွှဲဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။

အဲဒီရေအောက်သောင်ရှိတဲ့ နေရာမှာ ဖိလစ်ပိုင်က သင်္ဘောပျက်တစ်စီး ချထားပြီး သင်္ဘောပေါ်မှာ စစ်သားတွေ စောင့်ကြပ်နေပါတယ်။
စစ်သားတွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့ ဖိလစ်ပိုင် သင်္ဘောတွေ ခုတ်မောင်းလာရင် တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်တွေသုံးပြီး တားဆီးမှုတွေ ပြုလုပ်နေပါတယ်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က သူတို့ပိုင်တယ်လို့ ပြောဆိုထားပြီး နိုင်ငံတကာအငြင်းပွားမှုဖြေရှင်းရေး တရားရုံးက ဒီပြောဆိုမှုဟာ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဘေဂျင်းအစိုးရရက ပယ်ချထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.