အမေရိကန် လက်နက်မပို့လည်း ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်မယ်လို့ အစ္စရေး ကြွေးကြော်

0
34

ဂျေရုစလင်၊ မေ ၁၀

ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့ကို စီစဉ်ထားတဲ့အတိုင်း တိုက်ခိုက်မယ်ဆိုရင် လက်နက်ပို့ပေးတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်သွားဖို့ အသင့်ရှိနေတယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက မေ ၉ ရက်နေ့မှာ ပြောကြားပါတယ်။

ဟားမာ့စ် တိုက်ခိုက်ရေးသမား အများအပြားနဲ့ ဓားစာခံတွေ ရှိနေတယ်လို့ဆိုတဲ့ ရာဖာမြို့ကို အစ္စရေးက တိုက်ခိုက်ဖို့ စီစဉ်ထားတာ ကြာပြီလည်း ဖြစ်ပါတယ်။

တိုက်ခိုက်ရေးသမား မဟုတ်သူတွေအတွက် ဘေးကင်းရာ လမ်းကြောင်း ဖန်တီးမပေးဘဲ ရာဖာကို တိုက်ခိုက်မယ်ဆိုရင် အစ္စရေးကို ဆက်လက်ကူညီတော့မှာ မဟုတ်ဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်။

ကျွန်တော်တို့ တစ်နိုင်ငံတည်း ရပ်တည်ရမယ်ဆိုရင် တစ်နိုင်ငံတည်း ရပ်တည်သွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက အမေရိကန်ရဲ့ ကြေညာချက်ကို ရည်ညွှန်းမှုမရှိဘဲ ပြောကြားပါတယ်။

တကယ်လို့ လက်နက်တွေမရှိလို့ လက်သည်းတွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင်လည်း မိမိတို့ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြား ပါတယ်။

အစ္စရေးနဲ့ ဟားမာ့စ်ကြား အပစ်ရပ်ရေး ကိုင်ရိုမြို့မှာ နောက်ဆုံး ဆွေးနွေးမှုတွေဟာ မေ ၉ ရက်နေ့မှာ သဘောတူညီမှုမရဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရာဖာမြို့ကို တိုက်ခိုက်ရေးနဲ့ အခြားစီစဉ်ထားတဲ့ စစ်ဆင်ရေးတွေအတွက် မိမိတို့ စစ်တပ်မှာ လက်နက် အလုံအလောက်ရှိတယ်လို့ ပြောကြားပါတယ်။

နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ကြားဝင် ညှိနှိုင်းပေးနေပေမယ့် သဘောတူညီမှု ရဖို့ ခက်ခဲနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.