မော်စကို ၊ မေ ၆

ရုရှားနယ်စပ်အနီးမှာ နေတိုးအဖွဲ့ရဲ့ လေးလကြာ စစ်ရေးလေ့ကျင့်မှုတွေက ရုရှားနဲ့ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ကြောင်း သက်သေပြနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရုရှားဟာ မိမိတို့အဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ နေတိုးအဖွဲ့ရဲ့ ပြောဆိုချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ မာရီယာဇက်ဟာရိုဗာက ပယ်ချပြီး ဒါက နေတိုးအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အများအာရုံမစိုက်အောင် သတင်းအမှားဖြန့်ဝေမှု ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ယူကရိန်းကို လက်နက်တွေ၊ ထောက်လှမ်းရေး အကူအညီနဲ့ ဘဏ္ဍာရေးအကူအညီပေးပြီး ရုရှားကို တစ်ဖက်လှည့် တိုက်ခိုက်နေတာက နေတိုးအဖွဲ့ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်အေးစစ်ပွဲနောက်ပိုင်း နေတိုးအဖွဲ့က ရုရှားနယ်စပ်အနီးမှာ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ရုရှားနဲ့စစ်ခင်းဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ မာရီယာက ပြောပါတယ်။

နေတိုးအဖွဲ့ဟာ ရုရှားနဲ့ ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် အလေးအနက် ကြိုတင်ပြင်ဆင်နေတယ်ဆိုတာကို ဝန်ခံရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

၂၀၂၂ ခုနှစ်က ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးပဋိပက္ခ စတင်ပြီးနောက်ပိုင်း ရုရှားနဲ့ အနောက်တိုင်းကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်ကြောင်း နေတိုးအဖွဲ့က ဇန်နဝါရီလက ကြေညာခဲ့ပါတယ်။ အဲဒီနောက် တပ်ဖွဲ့ဝင် ၉၀၀၀ ပါဝင်ပြီး ရုရှားနယ်စပ်အနီးမှာ အမေရိကန်တပ်တွေက ဥရောပတပ်တွေကို အင်အားဖြည့်မယ့်ပုံစံမျိုး လေ့ကျင့်နေတာဖြစ်ကာ အခုလအထိ ကြာမြင့်မှာဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.