နေအိမ် အကျယ်ချုပ် ပြောင်းလဲခွင့်ရရေး ဒေါ်လာသန်းချီ ဒဏ်ငွေ မပေးဆောင်နိုင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ပြော

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၁

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်က သတ်မှတ်ချက်နဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်နဲ့ နေအိမ် အကျယ်ချုပ် ပြောင်းလဲကျခံရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ရင်းဂစ် သန်း ၅၀ (ကန်ဒေါ်လာ ၁၂ ဒသမ ၂၆ သန်း) ပေးဆောင်ဖို့ လိုအပ်ချက်ဟာ သူကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ပြောကြား ကြောင်း သူ့ရဲ့ ဥပဒေအဖွဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Messrs Shafee & Co ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ နာဂျစ်ရဲ့ ပိုင်ဆိုင်မှုများ၊ ဘဏ်အကောင့်တွေနဲ့ အဆောက်အဦတွေရဲ့ သိသာတဲ့ အစိတ်အပိုင်းဟာ သိမ်းဆည်းခံရမယ့် အမိန့် ထုတ်ပြန်ခံထားရဆဲ ဖြစ်ပြီး အစိုးရက ဥပဒေစည်းကြပ်ဖို့ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမယ့် အခြေအနေဟာ သူ့ရဲ့ တကိုယ်တည်း ထိန်းချုပ်မှု အောက်မှာ ရှိမနေဘူးလို့လည်း အဲဒီ ကြေညာချက်မှာ ရေးပါတယ်။

အဲဒီလို အခြေအနေမှာ မိမိတို့ရဲ့ အမှုသည်အနေနဲ့ လက်ရှိမှာ အကြံဉာဏ် ရယူနေပြီး သတ်မှတ်ချက်အတွက် အကောင်းဆုံး ဘယ်လို သက်ရောက်နိုင်မလဲ ဆိုတဲ့ သူ့ရဲ့ ရွေးချယ်စရာတွေကို စဉ်စားနေတယ်လို့ ဆိုပါတယ်။

မလေးရှား ဘုရင် ဆူလတန် အေဘရာဟမ် ဆူလတန် အစ္စကန်ဒါက စက်တင်ဘာ ၁၈ ရက်က သတ်မှတ်ချက်နဲ့ ခွင့်ပြုလိုက်တဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်အရ နာဂျစ် အနေနဲ့ ဒဏ်ငွေ ပေးဆောင်ရင် ၂၀၂၈ ခုနှစ် သြဂုတ် ၂၃ ရက်အထိ ကျခံရဦးမယ့် လက်ကျန် ထောင်ဒဏ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲကျခံခွင့် ရှိနေပါတယ်။

နာဂျစ်ရဲ့ ပါတီ UMNO က စုဆောင်းထားတဲ့ နာဂျစ်အတွက် ကူညီပေးရေး ရန်ပုံငွေ ပမာဏဟာ စတင် ကောက်ခံပြီး ပထမဆုံး ၃ နာရီအတွင်းမှာပဲ ရင်းဂစ် ၆၃၄၀၀၀ ကျော်လွန်သွားခဲ့ပြီး စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲအချိန်မှာ ရင်းဂစ် ၁ သန်း ကျော်သွားခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံးက စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ နာဂျစ် အနေနဲ့ နေအိမ် အကျယ်ချုပ် ပြောင်းလဲကျခံခွင့် ရရှိရေး သတ်မှတ်ချက် ပြည့်စုံအောင် လုပ်ဆောင်ဖို့ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားဆဲ ဖြစ်တယ်လို့ ရေးပါတယ်။

သူ့အနေနဲ့ သတ်မှတ်ချက်တွေ အားလုံး လိုက်နာရမှာ ဖြစ်ပြီး သတ်မှတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးမယ့် အစီအစဉ် အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ကြောင်းနဲ့ လက်ကျန် ထောင်ဒဏ်အတွက် ထောင်ထဲမှာပဲ နေရမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

နာဂျစ်ဟာ ယုံကြည်မှု ချိုးဖောက်မှုစွဲချက် ၃ ခု၊ ငွေကြေး ခဝါချမှု စွဲချက် ၃ ခု၊ အာဏာအလွဲ သုံးစားလုပ်မှု စွဲချက် တစ်ခုတို့အတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက ကနဦး ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီက သူ့ရဲ့ ထောင်ဒဏ် ထက်ဝက်လျှော့ချပေးပြီး တစ်စိတ်တစ်ပိုင်း ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.